၂၀၀၀ ခုနှစ် ဗိုလ်အင်ဘန်လ ဦးဆောင်၍ KIA ခေါင်းဆောင် ဗိုလ်ချုပ် အင်ခွန်ဇော်မိုင် ထံမှ တပ်တွင်း အာဏာသိမ်းယူခြင်း
မောင်မောင်စိုး – (မိုးမခ)
● မရန်ဘရန်ဆိုင်း
KIA အတွင်းစောစွာကပင် နိုင်ငံတကာဆက်ဆံရေးကို တာဝန်ယူခဲ့သူ မရန်ဘရန်ဆိုင်းသည် ၁၉၇၆ မှစ၍ KIO ဥက္ကဌ တာဝန်ယူခဲ့သည်။ KIO အတွက် အရေးကြီးသည့် နိုင်ငံရေး အလှည့်အပြောင်း ကာလများတွင် လိမ္မာ ပါးနပ်စွာ ခေါင်းဆောင် နိုင်သူဟုဆိုရမည်။ CPB နှင့် တပ် ပေါင်းစု ဖွဲ့နေစဉ် ကာလအတွင်း ထိုင်းနယ်စပ်ရှိ KNU ဦးစီး၍ ဖွဲ့စည်းနေသော အမျိုးသား ဒီမို ကရေစီ တပ်ပေါင်းစု ခေါ် မဒတ တွင် ပါဝင်ခဲ့ပြီး မဒတ မြောက်ပိုင်း၏ ခေါင်းဆောင်နေရာကို ရယူနိုင်ခဲ့သည်။
ထို့ပြင် ထိုင်းနယ်စပ် မှတဆင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးချဲ့ပြီး နိုင်ငံတကာ တွင် မဟာမိတ်များ ထောက်ခံသူများ ရှာဖွေခဲ့သကဲ့သို့ KIA ၏ အနေအထားကို ရှင်းပြနိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၉၀/ ၉၁ များက ဥရောပ နိုင်ငံများသို့ သွား ရောက်နိုင်ခဲ့သည် ဟု ဆိုပါ သည်။ သူ၏ နိုင်ငံခြား ဆက်ဆံရေး လုပ်ငန်းများအား ဒေါက်တာတူးဂျာ ဒေါက်တာလဂျာတို့အား ဆက်လက် တာဝန်ယူ ခဲ့စေသူ ဖြစ်သည်။
၁၉၈၂ လောက် မှစ၍ KIO ကုန်သွယ်ရေး ဌာနဖွင့်ကာ ဖါးကန့်ဒေသမှ ကျောက်စိမ်းများအား တရုတ်ပြည်သို့ ပို့ဆောင် ရောင်းဝယ်ရေးကို ကိုယ်တိုင်ဦးဆောင်ခဲ့ကာ KIA ဘဏ္ဌာရေး ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သူလည်း ဖြစ်သည်။ KIO အတွင်း ရိုသေလေးစားမှု ခံရသူ လည်းဖြစ် သြဇာရှိသူလည်း ဖြစ်သည့် ဥက္ကဌ မရန်ဘရန်ဆိုင်းသည် နဝတ အစိုးရနှင့် အပစ် ရပ်ပြီး မကြာမှီ ၁၉၉၄ ခုနှစ် သြဂုတ်လ ၈ နေ့တွင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ယခင် အခါက လက်နက်ကိုင် သူပုန်ဗိုလ်များအား ကာတွန်း ရုပ်ပြောင် ဆွဲ၍ သရော်လျှင် ရုပ်ရည် ခပ်ကြမ်းကြမ်း မျက်နှာတွေ ဒဏ်ရာဒဏ်ချက်နှင့် ပလာစတာကို ကြက်ခြေခတ် ကပ်ထား လိုက်သေးသည်။ ခါးတွင် ကျည်ဆံများ ပတ်ချာလည်ချိတ်ထား သော ခါးပတ်ကို ပတ်၍ ခြောက်လုံးပြူး ချိတ်ထားသည့် ပုံမျိုးဖြင့် သရုပ်ဖေါ်လေ့ ရှိကြသည်။
တကယ်တော့ မရန်ဘရန်ဆိုင်း လမုန်တူးဂျိုင်လယော်ဇောင်းဟရာ မရန်ဘရန်တောင် စသည့် KIA ခေါင်းဆောင်များကို KIA ယူနီဖေါင်းနှင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့်သာ တွေ့ကြပါက မည်သူမျှ သူတို့အား သူပုန်ခေါင်းဆောင် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု၏ ခေါင်းဆောင် ဟု ထင်မည်မဟုတ်ပေ။ ဘာသာရေး ကိုင်းရှိုင်းသော ဆက်ဆံရေး သိမ်မွေ့နူးညံ့သော လူကြီး လူကောင်း ဆန်သော ကချင် လူကြီးများ ဟုသာ ယူဆပေလိမ့်မည်။ ထိုသူတို့ ကား KIA အတွင်း လူကြီးလူကောင်း ဆန်သော သူများဖြစ် ကြသည်။
ထိုစဉ် ကာလက KIA အတွင်း smart ကျသူဟု ဆို၍ရသည့် KIA ခေါင်းဆောင် တစ်ဦးမှာ လခန်ပန်းအောင် ဖြစ်သည်။ သူသည် KIA အတွင်း တပ်ရင်းမှူး တပ်မဟာမှူး ခံစစ်ဗျူဟာမှူး စစ်ဦးစီး ပထမတန်း ဂျီဝမ်း တာဝန်ယူခဲ့သူ ဖြစ်သည်။ သူသည်ပေါ့ပါး ဖျတ်လတ်စွာ နေထိုင် လှုပ်ရှားတတ်သူ ကိန်းကြီးခန်းကြီး မဆန်သူဖြစ်သည်။ တပ်သားထု လူထုအတွင်း သာမက မဟာမိတ် တပ်ဖွဲ့များနှင့် ဆက်ဆံရာတွင်မှာ ဝင်ဆန့်သူ ဆက်ဆံရေး ကောင်းသူ နွေးထွေးသူ ရင်းနှီးဖေါ်ရွေသူဖြစ်သည်။ ထို့ကြောင့် တပ်ထု လူထု၏ ချစ်ခင်လေးစားမှုသာမက မဟာမိတ် တပ်များ၏ လေးစားမှုပါရသူဖြစ်သည်။ သို့သော် သူ့တွင် ပုဂ္ဂိုလ်ရေး အားနည်းချက် တခုရှိရာ KIA ထိပ်တန်း ခေါင်းဆောင်အဖြစ် တက်လှမ်းရာတွင် အကန့်အသတ် ဖြစ်ခဲ့ပုံရသည်။ သူ၏ ပုဂ္ဂိုလ်ရေး အားနည်းချက်သည် အခြားသူများအား ထိခိုက်မှုမရှိသော်လည်း သူတက်လမ်းကိုထိခိုက်စေသည် သာမက စောစီးစွာ ကွယ်လွန် သွားခဲ့သည်။
၁၉၉၇ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားသည်ဟု ကြားသိရသည်။ နောက်ပိုင်း KIA မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းတွင် လခန်ပန်းအောင် ကဲ့သို့ smart ကျသော ခေါင်ဆောင် များစွာ ထွက်ပေါ်လာသည်ကို တွေ့ရပါသည်။
KIA ၌ ခပ်ကြမ်းကြမ်း ခေါင်းဆောင်သူများ မရှိ၍မဟုတ်။ အင်ခွန်ဇော်မိုင် ဂျေဆန်လီ လဇိန် ဘောက်ဝါ စသူများသည် ခန္ဓာကိုယ် တောင့်တင်း၍ သန်စွမ်းသူများ ဖြစ်သကဲ့သို့ ခပ်ကြမ်း ကြမ်း ခပ်ရမ်းရမ်း ဝုန်းဒိုင်းကျဲ လုပ်ဆောင်တတ်သူများ ဟု ဆိုရမည်။ KIA ၏ လူကြမ်းမင်းသားများ ဖြစ်ကြသည်။ ထိုလူကြမ်း မင်းသားများသည်ပင် အနီးကပ်ကြည့်လျှင် နူးညံ့သော စိတ်ခံစားချက် များကို တွေ့ရနိုင်ပါသည်။ အချို့ KIA ဗိုလ် တို့ကတော့ ဂိုက်ဆိုက် များလွန်းသည်။ ယနေ့ခေတ် စကားနှင့်ဆိုလျှင် ပဲများ လွန်းလှသည်။ သို့သော် ထိုသူတို့ကား အနည်းစု သာဖြစ်ပေသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည် မဟုတ်ပါလော။
● KIA (1994- 2011)
၁၉၉၄ မှ ၂၀၁၁ အထိ ၁၇ နှစ်တာ ကာလသည် KIA နှင့် အစိုးရ အပစ်ရပ် ထားသည့်ကာ ဖြစ်သည်။ နိုင်ငံရေး ပြဿနာများကို နောင်တက်သည့် အရပ်သား အစိုးရလက်ထက်တွင် ဆွေးနွေးရန် သဘောတူ ထားကြသည်။ ဤသို့နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း တွင် ၁၇ တာမျှ သေနတ်သံ တိတ်ခဲ့ပေ တော့သည်။
၁၉၉၄ မှ ၂၀၀၅ အထိကား KIA ခေါင်းဆောင်ပိုင်း မတည်ငြိမ်ခဲ့ပေ။ မရန်ဘရန်ဆိုင်း ကွယ် လွန် ပြီးနောက် အင်ခွန်ဇော်မိုင်က KIO/ KIC/ KIA တခုလုံးကို ချုပ်ကိုင် ခဲ့သည်။ အပစ်ရပ် ကာလ အစောပိုင်း ဖြစ်သည့် အားလျော်စွာ အခြေအနေ က မတည် ငြိမ်သေးပေ။ ဗိုလ်ချုပ် အင်ခွန်ဇော်မိုင်၏ ခပ်ကြမ်းကြမ်း အုပ်ချုပ်မှုကို ကြိုက်သူရှိသလို မကြိုက်သူလည်းရှိသည်။ အချို့ ကိစ္စများတွင် လွန်သည်ဟု ယူဆသူ များလည်း ရှိသည်။ ၁၉၈၀ မတိုင်မှီက KIO တည်ထောင်ရာတွင် ပါခဲ့သူ လားမားလရိန်ကို အရေးယူ ရာတွင်လည်း ဗိုလ်ဇော်မိုင်၏ အရေးယူချက် ပြင်းထန် လွန်းသည်ဟု ယူဆသူများ ရှိသည်။ လာမားလရိန် အား နောင်တွင် ပြန် လည် သူကောင်းပြု အသိမှတ်ပြု ခဲ့ကြသည်။
ထို့ပြင် အပစ်ရပ် ကာလအတွင်း စီးပွါးရေး လုပ်ဆောင်မှုများ မြစ်ဆုံအထက် ရွှေတူးဖေါ်မှုများနှင့် ပတ်သက်ပြီး မကျေလည်မှု များပြားခဲ့သည်ဟု ဆိုကြသည်။ ဤသို့နှင့် ၂၀၀၀ ပြည့် နှစ်တွင် KIA အတွင်း ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သည်။ ဗိုလ် ဇော်မိုင်အား အင်အားသုံး ဖယ်ရှား ခဲ့ကြသည်။ ဤအဖြစ်အပျက်အား ဦးဆောင်သူမှာ ဗိုလ် အင်ဘန်လ ဖြစ်သည်ဟု အများက သတ်မှတ်သည်။ ဗိုလ်အင်ဘန်လသည် အများစု ထောက်ခံမှု ရလိုက်ပုံရသည်။ သွေးထွက်သံယို မရှိဘဲ ဗိုလ်ဇော်မိုင်ကို ဖယ်ရှားနိုင် ခဲ့ကြသည်။ KIO ဥက္ကဌ အဖြစ် လမုန် တူးဂျိုင် ဖြစ်လာပြီး အင်ဘန်လက စစ်ဦးစီးချုပ် CS နှင့် နောင်တွင် KIC ဒုဥက္ကဌ တာဝန်ယူသည်။
သို့သော် တည်ငြိမ်မှုကား မရ သေးပေ။ ၂၀၀၄ နှစ်ဆန်း ပိုင်းတွင် KIA စစ်ဦးစီး ပထမတန်း ဂျီဝမ်း အဖြစ် တာဝန်ယူသူ လဇိန် ဘောက်ဝါသည် KIA ဌာနချုပ် ရှိရာ လိုင်ဇာတွင်ပင် ဗုံးခွဲ လုပ် ကြံ ခံရသည်။ လက်သည်မပေါ်ခဲ့ပေ။ ထို့နောက် KIA ထောက်လှမ်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး အဆင့်ရှိ လဆန်အောင်ဝါ ဦးစီး၍ အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်ခု ၂၀၀၅ တွင် ပေါ်ပေါက် ခဲ့သည်။ သို့သော် အင်ဘန်လ အား ထောက်ခံသူများ လက်ဦးမှုရ၍ လဆန်အောင်ဝါ တို့ လည်း လိုင်ဇာ မှ ထွက်ပြေး ခဲ့ရသည်။ ထို့နောက်တွင်မတော့ KIA ခေါင်းဆောင်ပိုင်းသည် တည်ငြိမ်မှု ရသွားခဲ့သည်ဟု ဆိုရမည်။
KIO ဥက္ကဌ လမုန်တူးဂျိုင်သည် ၂၀၀၆ ဇွန်လ ၁၆ ရက်တွင် ကွယ်လွန်သည်။ သူပြီးနောက် ဥက္ကဌ လယော်ဇောင်းဟရာ က ဆက်လက် တာဝန်ယူခဲ့သည်။ လမုန်တူးဂျိုင် မကွယ်လွန် မှီကပင် ကျန်းမာရေး မကောင်း၍ ဥက္ကဌ တာဝန်များကို လယော် ဇောင်းဟရာသို့ လွှဲအပ်ခဲ့ သည်ဟု ဆိုပါသည်။
အပစ်ရပ် ကာလအတွင်း အချို့ အပစ်ရပ် အဖွဲ့များသည် လက်နက်ကိုင်ဆောင်၍ မြို့ပေါ်တွင် စီးပွါးရေး လုပ်ငန်းများလုပ်ခြင်း လက်နက်ကိုင် ရမ်းကားခြင်းတို့ကြောင့် နံမည်ပျက် များခဲ့ သော်လည်း KIA အနေနှင့် နံမည်ပျက် အနည်းဆုံးဟု ဆိုရမည်။ တပ်တွင်း စည်းကမ်း ထိမ်းသိမ်း ကိုင်တွယ်မှု ကောင်းသည်ဟု ဆိုရပေမည်။
အပစ်ရပ် ကာလတွင်း၌ KIA သည် တပ်တည်ဖွဲ့ တည်ဆောက်ရေးကို အလေးထား တည် ဆောက်ခဲ့ပုံ ရသည်။ မူလ စစ်သင်တန်း ကျောင်းများအပြင် ဗိုလ်သင်တန်း ဆရာဝန် သင်တန်း စသည့် သင်တန်းကျောင်းများ အပြင် အထက်တန်းကျောင်းများ ကောလိပ်များပါ ဖွင့်လှစ်လာ နိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ရန်ကုန် မန္တလေး မြစ်ကြီးနား တက္ကသိုလ်များမှ ဘွဲ့ရ ပညာတတ် ကချင်လူငယ် အများအပြားကို KIA တပ်ဖွဲ့တွင်းသို့ စည်းရုံး သိမ်းသွင်းခြင်း အချို့အား နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တဖန် လိုင်ဇာမှ မြစ်ကြီးနား ဗန်းမော် ကားလမ်းသို့ ကားလမ်း ဖေါက်လုပ်ခဲ့ပြီး လိုင်ဇာ မြစ်ကြီးနား ကုန်သွယ်ရေး လမ်းဖွင့်ခဲ့ကာ လိုင်ဇာသည် စည်ကားသည့် နယ်စပ်ကုန်သွယ်ရေး မြို့ လေး ဖြစ်လာခဲ့သည်။ ၂၀၀၅ ပတ်ဝန်းကျင်နောက်ပိုင်းသည် အစည်ကားဆုံး ဖြစ်ပုံရသည်။ မြန်မာပြည်တွင်းမှ သစ်ကားများ ရာနှင့်ချီ၍ နေ့စဉ် တရုတ်ပြည်သို့ ဝင်နေသည့် ကာလဖြစ် သည်။ ထိုစဉ်ကာလက KIA ဘူးဂါး ကုမ္ပဏီ၏ မလိ ရေအားလျှပ်စစ်နှင့် ဒဘတ် ရေအားလျပ်စစ် အတွက် သစ်ထုတ်လုပ် ရောင်းချ ခွင့်ပြုထားရာ တရားဝင် သစ်များလည်း ပါသည်ဟု ဆိုရမည်။ သို့သော် သစ်ကုန်သည်များက ခိုးထုတ်သောသစ်များလည်း ပါဘွယ်ရှိသည်ဟု ဆိုရမည်။ KIA ထိမ်းချုပ်ရာ လိုင်ဇာမှ တရုတ် လိုင်ဇာ ဘက်သို့ကူးပြီး တရုတ် လိုင်ဇာအထွက် ကားလမ်း တလျှောက် ပုံထားသော သစ်လုံးပုံများမှာ မျက်စေ့ တဆုံးမကဟု ဆိုရမည့် ကာလ ဖြစ်သည်။
အလားတူပင် ထိုအချိန်က တရုတ်မှ ဆိုင်ကယ်များ ကားများ အလျံပယ် တင်သွင်းနေသည့်ကာလဖြစ်သည်။ ၂၀၀၅ ခုနှစ် တရုတ်ပြည် ယူနန်ပြည်နယ်၏ စာရင်းများအရ မြန်မာပြည်သို့ ရောင်းချနိုင်သည့် ဆိုင်ကယ်စီးရေမှ ဆယ်သိန်းကျော်ရှိသည်။ ၅ သိန်းကျော်ခန့်မှာ KIA ထိမ်းချုပ်ရာ လိုင်ဇာနှင့် အခြားနယ်စပ်ပေါက် များမှဖြစ်သည်။ KIA တို့ သတ်မှတ်ထားသော အခွန် ဆောင်ပြီး ဖြတ်သန်းခွင့်ပြု သည်ဖြစ်ရာ KIA အနေနှင့် နယ်စပ်ကုန်သွယ်ရေးမှ ဝင်ငွေများစွာရ ခဲ့သည်ဟု ဆိုရမည်။
ထို့ပြင် KIA မှ မလိ ရေအား လျပ်စစ်နှင့် ဒဘတ် ရေအားလျပ်စစ်ကို အောင်မြင်စွာ ထူထောင် နိုင်ခဲ့ပြီး မြစ်ကြီးနားမြို့ မီးပေးရေး ကို စီးပွါးရေးလုပ်ငန်း တခုအနေနှင့် ဆောင်ရွက် လုပ်ကိုင် နိုင်ခဲ့သည်။ ၂၀၁၁ မှစ၍ KIA နှင့် အစိုးရတပ်များ ပြန်လည် တိုက်ခဲ့ကြ သော်လည်း ထို မီး ပေးရေး လုပ်ငန်းမှာမူ မထိခိုက် မပြတ်တောက်ခဲ့သည်မှာ အံ့ဖွယ်ဟု ဆိုရမည်။ KIA တို့ နံမည် ပျက်စရာ စီးပွါးရေး လုပ်ငန်းတခု တော့ရှိခဲ့သည်။ ယင်းမှာ မိုင်ဂျာယန်ရှိ လောင်းကစားဝိုင်း များဖြစ်သည်။ လာကစားသူ အများစုမှာ တရုတ် ပြည်မှ ဖြစ်ကြသော်လည်း နောက်ပိုင်း ပြဿနာ ဖြစ်ပြီး ပိတ်သွားသည် ဟုကြားရသည်။
အပစ်ရပ် ကာလအတွင်း KIA တို့ အလေးထား လုပ်ဆောင်ခဲ့သည့် အကြောင်းအရာ တခုမှာ ဒေသခံ ကချင် အရပ်ဖက် အဖွဲ့အစည်းများ ဘာသာရေး အဖွဲ့အစည်းများ လူထု အဖွဲ့အစည်းများအား မပြတ်တွေ့ဆုံခဲ့ပြီး KIA သဘောထားများ ချပြခြင်း ကချင် လူထုအမြင် တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး လူထုနှင့်ဆက်ဆံရေး စည်းရုံးရေးကို အလေးထား လုပ်ဆောင် ခဲ့သည်ဟု ဆိုရမည်။ ကချင်လူထု သာမက ရှမ်းနီ လူထု ကိုယ်စားလှယ် များကိုပါ လိုင်ဇာသို့ ဖိတ်၍ KIA နှင့် ရှမ်းနီကြား ပဋိပက္ခကို ဖလျှာ့ချပြီး ပြေလည်မှုရအောင် ကြိုးစားခဲ့သည်ကို တွေ့ရသည်။
အပစ်ရပ်ထားစဉ် ကာလအတွင်း KIO ဗဟို ဆက်ဆံရေးရုံး တခုအား မြစ်ကြီးနား စီတာပူ ရပ်ကွက် မနောကွင်းရှေ့၌ ဖွင့်လှစ် ထားခဲ့သည်။ ထိုရုံး၌ တာဝန်ခံများအဖြစ် ထမ်းဆောင်ဖူးသူများတွင် လက်ရှိ KIA စစ်ဦးချုပ် CS တာဝန်ယူနေသူ ဂွမ်ထန် ဂမ်ရှောင်သည် ဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ယူဘူးသည်။ ၂၀၀၉ ခုနှစ် KIA နှင့် အစိုးရကြား ပြန်လည် တင်းမာမှုများ စသောအချိန်တွင် တာဝန်ခံမှာ ဗိုလ်မှူးကြီး လဇိန်ဂျေးနောင် ဖြစ်သည်။
၂၀၀၉ သည် KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နအဖ အစိုးရကြား အပစ်ရပ် ထားသည့် အခြေအနေမှ အချိုးအကွေ့တခု စသည့် ကာလဖြစ်သည်။ တင်းမာမှုများ ပြန်လည်စတင်သည့် ကာလဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီး နောက် နအဖ အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား BGF နယ်ခြား စောင့်တပ်နှင့် ပြည်သူ့စစ်များ အဖြစ်ပြောင်းလဲ ဖွဲ့စည်းရန် အကြောင်းကြား လာတော့သည်။
အင်အားသေးသော နအဖ နှင့် နီးစပ်သော အဖွဲ့ငယ်များက ထိုအစီအစဉ်ကို လက်ခံလိုက်ကြသည်။ သို့သော် အင်အားတောင့် တင်းသော အဖွဲ့များ နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် တောင်းဆိုသော အဖွဲ့များက လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။ ဤသို့ငြင်း ပယ်ခဲ့သော အဖွဲ့များတွင် KIA လည်း ပါဝင်ရာ နအဖနှင့် KIA တို့ကြား တင်းမာမှုများသည် ၂၀၀၉ ခုနှစ်မှ ပြန်လည် စတင်တော့သည်။
BGF ဖွဲ့စည်းခြင်းကို လက်ခံရန် နအဖနှင့် KIA တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြ သော်လည်း ပြေလည်မှု မရခဲ့ကြပေ။ တချိန်တွင် နအဖ ကလည်း KIA အား BGF တပ် ဖွဲ့စည်းရေး လက် ခံရန် အကြိမ်ကြိမ် နောက်ဆုံးနေ့ရက် သတ်မှတ်ပြီး ရာဇသံ ပေးလာခဲ့သည်။ သို့နှင့် KIA နှင့်အစိုးရ ကြား တင်းမာ မှုများ တစ၊ တစ တိုးပွါးလာ ပေတော့သည်။ သို့သော် ပြင်းထန်သော တိုက်ပွဲများကား ဦးသိန်းစိန် သမတ သက်တမ်းတွင်မှ ဖြစ်ပွါးလာ တော့သည်ဟု ဆိုရမည်။
ဆက်လက်ဖေါ်ပြပါမည်။
0 comments:
Post a Comment