ကူဗလိုင်ခန် ( ခရစ် ၁၂၁၆-၁၂၉၄ )

ကူဗလိုင်ခန် ( ခရစ် ၁၂၁၆-၁၂၉၄ )

ကူဗလိုင်ခန်ဟာ ကမ္ဘာ့အရှေ့ဘက် တစ်လွှားမှာ တန်ခိုးကြီးမားခဲ့တဲ့ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်ရဲ့ မြေးပဲဖြစ်ပါတယ် ။ ကုဗလိုင်ခန်မှာ တူလီရဲ့ ဒုတိယမြောက်သားဖြစ်ပြီး ၁၂၁၆ ခုနှစ်မှာ မွေးဖွားခဲ့တယ် ။ ငယ်စဉ်က နောင်တော်ဖြစ်သူ မန်ဂူရဲ့ လက်အောက်မှာ စစ်မှုထမ်းပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းယူခဲ့တယ် ။ မွန်ဂိုဘုရင် ကွယ်လွန်တဲ့အခါ ၁၂၆၀ ပြည့်နှစ်မှာ မွန်ဂို မင်းဆွေမင်းမျိုးတို့ရဲ့ အစည်းအဝေးကြီးက သူ့ကို ခန်မင်းကြီးအဖြစ် တင်မြှောက်လိုက်ကြပါတယ် ။

ခန်မင်းကြီးမှာ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံသူဖြစ်ပြီး ဖိုးတော်ဂျင်ဂစ်ခန်ရဲ့ ရည်ရွယ်ချက်အတိုင်း တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းသွင်းလိုတဲ့ ဆန္ဒ ပြင်းပြနေပါတယ် ။ ဒါကြောင့် ဆွန်ဘုရင်တို့ ပိုင်နက်ဖြစ်တဲ့ တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စ တစ်စနဲ့ တိုက်ခိုက်သိမ်းသွင်းလာခဲ့ရာ နောက်ဆုံးမှာတော့ ကူဗလိုင်ခန်ဟာ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင် ဖြစ်လာပါတော့တယ် ။

ခန်မင်းကြီးက မိမိရဲ့မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံတံတိုင်းကြီးအတွင်း ယခု ပီကင်းမြို့ နေရာကို ပြောင်းရွေ့ခဲ့ပါတယ် ။ အဲ့ဒီ့ မြို့တော်သစ်က လေးထောင့်မြေကွပ်ပေါ်မှာတည်ရှိပြီး အဝန်း ၁၈ မိုင် ရှိပါတယ် ။ မြို့တော်က အလွန်ခမ်းနားကြီးကျယ်တာကြောင့် နိုင်ငံခြားသားများကပင် အထူးချီးကျူးရေးသားကြရတယ်။ အဲ့ဒီ့မြို့တော်ကို တိုင်တူးလို့ သမုတ်ကာ ဒရုံးတော်ကြီး လို့ အဓိပ္ပါယ် ရပါတယ် ။ အနောက်နိုင်ငံသားတို့က ခန်ဗာလိ ( ဝါ ) ခန်မင်းကြီးရဲ့ မြို့တော်လို့ ခေါ်ကြတယ် ။ အဲ့ဒီ့မြို့တော်ရဲ့ ခမ်းနားကြီးကျယ်ပုံကို ၁၇ နှစ်တိုင်တိုင် ခန်မင်းကြီးထံမှာ အမှုထမ်းဖူးတဲ့ ဗင်နစ်မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထားခဲ့ပါတယ် ။ ( မာကိုပိုလို - ရှု ) ၁၈ ရာစုနှစ်မှာ အင်္ဂလိပ့် ကဗျာဆရာကြီး ကိုးလားရစ်က ၅၄ ကြောင်းသော ကဗျာနဲ့ ချီးကျူးရေးသားပြန်ခဲ့ပါသေးတယ် ။

ခန်မင်းကြီးဟာ မဟာယာနဗုဒ္ဓဝါဒီတစ်ယောက်ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာများကို လေးစားတယ် ။ အုပ်ချုပ်ရေးဌာနများမှာ တရုတ်လူမျိုးများကို အများအပြား ခန့်ထားပါတယ် ။ ၁၂၆၃ ခုနှစ်မှာ တရုတ်လူမျိုးများ အလေးအနက်ထားတဲ့ ဖိုးဖွါးဗိမာန်ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင်မြို့မှာ တည်ဆောက်ခဲ့တယ် ။ ၁၂၇၉ ခုနှစ်မှာ မြို့တော်ရဲ့ အရှေ့တောင်ဘက်မှ နက္ခတ်တာယာများကို ကြည့်ရှုလေ့လာနိုင်ရန် နက္ခမျှော်စင်ကြီးတစ်ခုကို ဆောက်လုပ်ခဲ့ပြန်သေးပါတယ် ။ ခန်မင်းကြီးဟာ တရုတ်လူမျိုးတို့ အလေးအနက်ထားတဲ့ ကွန်ဖျူးရှပ်ကျောင်းတော်ကြီးကို မြို့တော်သစ်ကြီအတွင်းမှာ ဆောင်လုပ်ပေးခဲ့တဲ့အပြင် ကွန်ဖျူးရှပ်ဆွေတော် မျိုးတော်များအတွက် နယ် ၂ နယ်ကိုလဲ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ် ။ ထိုမှတစ်ပါး ယန်ချင်မြို့နဲ့ ပင်ယန်မြို့များမှာရှိတဲ့ တက္ကသိုလ်ကြီး ၂ ကျောင်းကိုလဲ ခိုင်မြဲတည်တန့်အောင် ပြုပြင် ကူညီခဲ့ပါသေးတယ် ။

နိုင်ငံတော်အတွင်း ကူးသန်းရောင်းဝယ်မှုများ လွယ်ကူစေရန် မြင်းပေါင်း ၂၀၀၀၀၀( နှစ်သိန်း) ပါဝင်တဲ့ စာပို့စနစ်ကို လည်းကောင်း တည်းခိုဖို့ စခန်းပေါင်း ၁၀၀၀၀ ကို လည်းကောင်း တီထွင်ဖွင့်လှစ်ခဲ့တယ် ။ မြို့တော်နဲ့ ရေလမ်း ဆက်သွယ်မှု လွယ်ကူစေရန် တူးမြောင်း မဟာကြီးကိုလဲ အသစ်ထက်မံ ဖေါက်လုပ်ခဲ့တယ် ။ ဖေါက်ကား ရောင်းဝယ်မှုမှာ အခက်အခဲ မရှိစေဖို့ ငွေစက္ကူများ ထုတ်ခဲ့ပါတယ် ။ ကူးသန်းရောင်းဝယ်မှုများကို အထူးပဲ အားပေးချီးမြှောက်ခဲ့တယ် ။ ပိုးထည်လုပ်ငန်းနဲ့ ရွှေတောင့် လုပ်ငန်းများမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ မင်းကြီးဟာ စာပေပညာများကိုလဲ အားပေးခဲ့တယ် ။ တိဗက်လူမျိုး လာမားဘုန်းကြီး မတီဒဝတ်ရှားဆိုသူ ပုဂ္ဂိုလ်ကို စာပေအက္ခရာအသစ် တီထွင်စေခဲ့ပါတယ် ။

ပါးရှင်းလူမျိုး ဂျာမားအာလာဒင်ဆိုသူကို ခေတ်မှီပြက္ခဒိန် ပြုလုပ်ခိုင်းခဲ့တယ် ။ အခြားပညာရှင်များကိုလဲ မွန်ဂိုတို့ရဲ့ သမိုင်းကို ရေးသားဖို့ စေခိုင်းခဲ့ပါတယ်။ ၁၂၆၉ ခုနှစ်မှာ ဝီးဂူးဝါး စာလုံး များနဲ့ စာရေးနည်းကို ပယ်ဖျက်ပြီး စံနစ်အသစ်ကို ပေးခဲ့တယ်။ မဟာယာန ဗုဒ္ဓဝါဒကိုလည်း နိုင်ငံတော်ဘာသာအဖြင့် အသိအမှတ်ပြုခဲ့ပါတော့တယ် ။

ကူဗလိုင်ခန်း လက်ထက်မှာ အနောက်နိုင်ငံက သာသနာပြုပုဂ္ဂိုလ်နှစ်ဦး ရောက်ရှိလာတယ် ။ တစ်ဦးမှာ မွန်တီကော်ဗီအရပ်မှ ဂျွန်ဆိုသူ ဖြစ်ပြီး နောက်တစ်ဦးကတော့ ပေါ်ဒနိုနီအရပ်မှ အိုဒိုရစ်ဆိုသူ ဖြစ်ပါတယ် ။ မင်းကြီးဟာ အဲ့ဒီ့ပုဂ္ဂိုလ်နှစ်ဦးကို လေးလေးစားစားထားပြီး ခရစ်ယာန် သာသနာပြုခွင့် ပေးသည့်အပြင် ဂျွန်အား ပီကင်းမြို့ရဲ့ ပထမဆုံး ဂိုဏ်ချုပ်အဖြင့် ချီးမြှင့်လေတယ် ။ တိဗက်နိုင်ငံမှာ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်းလားမားခေါ် တိဗက်သာသနာပိုင်များမှာ တန်ခိုးထွားလျက် ရှိနေပါတယ် ။

ခန်မင်းကြီးမှာ ရှေးဘိုးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု နိုင်ငံသိမ်းသွင်းမှုများကို လိုလားခဲ့တယ် ။ ဒါကြောင့် တိဗက်နိုင်ငံ တာကီစတန်နိုင်ငံ မြန်မာနိုင်ငံ ကိုချင်ချိုင်းနားနိုင်ငံ ဂျားဗားကျွန်းများဆီတို့ကို စစ်ချီတက်တိုက်ခိုက်ခဲ့ရာမှာလည်း အောင်မြင်ခဲ့တာချည်းပဲ ဖြစ်တယ် ။ ဒါပေမယ့် ဂျပန်ကျွန်းကိုတော့ရေတပ်နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ ကူဗလိုင်ခန်ရဲ့ နိုင်ငံတော်က ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက်ထဲက အကျယ်ဝန်းဆုံး နိုင်ငံတော်ဖြစ်ပါတယ် ။ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာကနေ အနောက်ဘက် ပင်လယ်နက် ကျော်တဲ့အထိ ကျယ်ပြန့်တယ် ။

မြန်မာနိုင်ငံမှာ တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်း လက်ထက် ကူဗလိုင်ခန်ရဲ့ စစ်သည်တော်များက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တာကြောင့် နရသီဟပတေ့မင်းမှာ ပုဂံကနေ ပြည်မြို့ကို ထွက်ပြေးတိမ်းရှောင်ရလေတယ် ။ နရသီဟမတေ့မင်းဟာ သျှင်ဒိသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနဲ့ ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံကို စေလွှတ်စေ့စပ်ခဲ့ရကြောင်း မင်္ဂလာစေတီကျောက်စာမှာ တွေ့ရှိရပါတယ် ။ အဲ့ဒီ့ကျောက်စာမှာ ကူဗလိုင်ခန်ရဲ့ နေပြည်တော်ကို တယ်တူ(တိုင်တူး) လို့ ဖေါ်ပြထားလေတယ် ။ ( နရသီဟပတေ့ - ရှု )

ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပနိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့တဲ့ မွန်ဂိုဘုရင်ပဲ ဖြစ်ပါတယ် ။ တရုတ်နိုင်ငံမှာ ယွန်မင်းဆက်ကို စတင် တည်ထောင်ခဲ့တဲ့ မင်းလဲ ဖြစ်တယ် ။ သူဟာ သက္ကရာဇ် ၁၂၉၄ မှာတော့ ကံတော် ကုန်ခဲ့ပါတော့တယ်ခင်ဗျာ ။ ( မွန်ဂိုလူမျိုး - ရှု )

About exodus42

0 comments:

Post a Comment