● KIA နှင့် CPB ပူးတွဲစစ်ဆင်ရေးများ
၁၉၈၀ နောက်ပိုင်းတွင် KIA နှင့် CPB တို့ပူးတွဲ၍ စစ်ဆင်ရေးများစွာပြုလုပ်ခဲ့သည်။ ရှမ်းပြည်နှင့်ကချင်ပြည်နယ်ရှိ စစ်ရေးလှုပ် ရှားမှုများအားပွင့်လင်းရာသီ၌ ပြုလုပ်လေ့ရှိသည်။ ပွင့်လင်းရာသီဆိုသည်မှာ နှစ်စဉ်အောက်တိုဘာလမှစ၍ နောက်နှစ် ဧပြီလအထိဖြစ်သည်။ နှစ်စဉ် မေလမှစက်တင်ဘာလထိကတော့ မိုးရာသီဖြစ်ရာ စစ်ဆင်ရေးလှုပ်ရှားမှုအကြီးများလုပ်လေ့မရှိကြ။ မိုးရာသီတွင် လမ်းများရွံ့ထူထပ်ပြီး သွားလာရန်ခက်သည်။ တောင်တက်တောင်ဆင်း မလွယ်ကူလှ။မြစ်ချောင်းများရေကြီး၍ ကူးသန်းရန်မလွယ်ကူ။မိုးတိမ်များ မြူများမိုးရေစက်များကြောင့် မြင်ကွင်းမရှင်း အထူးသဖြင့် လက်နက်ကြီးပစ်ခတ်ရန် ခက်ခဲသည်။ ထို့ပြင် မိုးရေစိုစွတ်သည့် ဒဏ်ကိုနေ့စဉ်ခံရပါက တပ်ဖွဲ့ဝင်များ အဖျားအနာများပြီး အင်အားကျဆင်းသည့်အပြင် ဆေးဝါးကုသရန်လိုသဖြင့် ကရိကထများသည်။
သို့ဖြစ်ရာ ခြောက်သွေ့သော မြင်ကွင်းရှင်း သောပွင့်လင်းရာသီတွင် စစ်ဆင်ရေးလှုပ်ရှားမှုများအားစိုက်လုပ်ကြခြင်းဖြစ်သည်။ CPB တို့အဖို့၁၉၇၉ ဗဟိုကော်မတီအစည်းအဝေးအပြီး စစ်ရှိန်မြှင့်ရန် ကြိုးပမ်းလာသကဲ့သို့ KIA အဖို့ လက်နက်ခဲယမ်းအသစ်များ တပ်ဆင်ထားသည့် တပ်သစ်များဖွဲ့စည်းလာနိုင်သည့်အားလျော်စွာ စစ်ရှိန်မြှင့်လာနိုင်ခဲ့သည်။ KIA နှင့် CPB တို့၏ ပူးတွဲစစ်ဆင်ရေးများသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်/မူစယ်ကားလမ်း မြောက်ဖက်ခြမ်းနှင့်တောင်ဖက် ခြမ်းတွင် အများစုဖြစ်သည်။ ၁၉၈/၈၅ တကြိမ်သာကချင်ပြည်နယ် ဗန်းမော်ဒေသသို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ကချင်ပြည်နယ် စစ်ရေးလှုပ်ရှားမှု အများစုကို KIA သီးသန့်သာလှုပ်ရှားသည်ကများသည်။
၁၉၈၀ မှစ၍ CPB ပြိုကွဲသည့် ၁၉၈၉ ထိ KIAနှင့် CPB တို့ပူးတွဲလှုပ်ရှားခဲ့သည့် တိုက်ပွဲများစွာရှိသည်။KIA အဖို့လည်းအကျိုးရှိသည်။ CPB သည်လက်နက်ခဲယမ်းနှင့်ပတ်သက်လျင် တရုတ်၏ထောက်ပံ့မှုရနေသည်ဖြစ်ရာ တိုက်ပွဲမှ သိမ်း ဆည်းရသည့် လက်နက်ခဲယမ်းအများစုအား KIAမှ ရလေ့ရှိသည်။
အစောပိုင်းပူးတွဲစစ်ဆင်ရေးများကို နံမည်ပေးလေ့မရှိသော်လည်း ၁၉၈၃/၈၄ စစ်ဆင်ရေးအားCK Awng စီကေအောင်စစ်ဆင်ရေးဟု၎င်း ၁၉၈၄/၈၅ စစ်ဆင်ရေးအား Shwi-yar Awng ရွှေရာအောင်စစ်ဆင်ရေးဟူ၍၎င်းအမည်ပေးခဲ့ သည်။
ယေဘူယျ အစောပိုင်းတိုက်ပွဲအများစုကို ပြောရလျင်ပူးတွဲသူပုန်တပ်ဖွဲ့များက အသာစီးရသည်များသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မိမိထက်အင်အားကြီးသော အစိုးရတပ်များနှင့် ရင်ဆိုင်နေရ သည့် KIA/CPB တပ်များအနေနှင့် မိမိနိုင်ချေရှိမှတိုက်ခိုက်လေ့ရှိပြီး နိုင်ချေမရှိလျင် ရှောင်နေလေ့ရှိသောကြောင့်ဖြစ်သည်။ အစိုးရတပ်များအဖို့မူမြို့ပြ ဆက်သွယ်ရေးလမ်းကြောင်းအများစုကို ထိမ်းသိမ်းကာကွယ်ရသည်ဖြစ်ရာ တိုက်ပွဲအများစုကိုရှောင်ရှား၍မရသောကြောင့်ဖြစ်သည်။
ထိုတိုက်ပွဲများထဲမှ တပ်ပေါင်းစုတပ်များ၏ အနိုင်ဆုံးတိုက်ပွဲတစ်ပွဲနှင့် အရှုံးဆုံးတိုက်ပွဲတစ်ပွဲကိုထုတ်နှုတ်ဖေါ်ပြလိုပါသည်။ ဦးစွာအားဖြင့် ရှုံးနိမ့်ခဲ့သည့်တိုက်ပွဲကိုဖေါ်ပြလိုပါသည်။
● ရွှေရာအောင်စစ်ဆင်ရေး
ရွှေရာအောင်စစ်ဆင်ရေးကို စတင်သည်မှာ ၁၉၈၄ နှစ်ကုန်ပိုင်းပွင့်လင်းရာသီအစဖြစ်သည်KIA မှာ ရင်း2/8/9 တို့မှ ထုတ်နှုတ်စစ်ကြောင်း ၂ကြောင်းပါဝင်သည်။ ဦးစီးသူများကတော့ တပ်မဟာ ၄ မှူး ဗိုလ်မှူးဆိုင်ဖုန်း(ကွယ်လွန်) နှင့်ဒုတပ်ဟာမှူး BM ဗိုလ်မှူးမထုနော်တို့ဖြစ်သည်။ ဗိုလ်မှူးဆိုင်ဖုန်းကတော့ မုန်းပေါ်ကြီးတွင် ကျောင်းဆရာလုပ်ရာမှ KIA ဖြစ်လာသူဖြစ်သည်။ယခုလည်းစစ်သားပုံသိပ်မထွက် ခပ်အေးအေးနေတတ်သည့်ကျောင်းဆရာကြီးတစ်ယောက်ပုံထွက်နေသည်။ ဗိုလ်မှူးမထုနော်ကတော့ ခပ်အေးအေး ကုပ်ချောင်းနေတတ်သူဖြစ်သည်။ တချို့ KIA ဗိုလ်တွေလို ဂိုက်ဆိုက်သိပ်များပေ။
CPB ဖက်ကတော့ တပ်မဟာ ၂ မှ ရင်း ၃၀၃၇နှင့် တပ်မ ၄၈ မှ ရင်း ၅၀၁ နှင့်အခြားတစ်ရင်း ပါသည်။ စုစုပေါင်း တပ်ရင်း ၃ ရင်းပါသည်။CPB မှတပ်များကို ဦးစီးသည်က တပ်မဟာ ၂ ဒုနိုင်ငံရေးမှူး ယန်အင်းရောင် ( oversea chinese ကွယ် လွန်) ဦးစီးသည်။ ယခင်နှစ်များထက် ထူးခြားသည်။ ဤအခေါက်စစ်ဆင်ရေးကို ကချင်ပြည်နယ်ပြုလုပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ မူစယ်အရှေ့မြောက် မုန်းပေါ်တဝိုက်တွင် စုဖွဲ့ထားသော ၎င်းတပ်ဖွဲ့များသည် ကွတ်ခိုင်မူစယ်ကားလမ်းအားဖြတ် ထို့နောက် နမ့်ခမ်း အောက်မှ ရွှေလီမြစ်ကို ဖြတ်ကာ ကချင်ပြည်နယ်တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။KIAနှင့်CPBတပ်များစုဖွဲ့လိုက်တော့ အင်အားမနဲလှ။ တိုက်ခိုက်တပ်ရင်း ၅ ရင်းအပြင် အရန် ခဲယမ်းများတင်ဆောင်ထားသည့် လားမြင်းများနှင့် ထောက်ပံ့ရေးအဖွဲ့ ဆေးအဖွဲ့ အမြောက်တပ်ခွဲတို့ဖြင့် အင်အား၁၀၀၀ နီးပါးခန့် လားမြင်း ၁၀၀ ခန့်ဖြင့်စည်ကားနေတော့သည်။ သို့ဖြစ်ရာ ပွင့်လင်းရာသီအစ လည်းဖြစ်၍ အာရုံစိုက်နေရာမှ သူပုန်အင်အားတအုပ်တမ စုစည်းလိုက်သောအခါ ကွတ်ခိုင်အခြေစိုက် ရှေ့တန်းတပ်မ ၉၉ မှ ချက်ချင်းလို သ တင်းရသွားပေတော့သည်။ အစိုးရကဖွဲ့စည်းထားသော ကွတ်ခိုင်ပသစ တာမိုးညဲပသစ တို့၏ ထောက်စုံစမ်းထောက်လှမ်းပေးမှု အစွမ်းများကြောင့် သတင်းအမြန်ရသွားပုံလည်းပေါ်ပါသည်။
သို့နှင့် ရှေ့တန်းတပ်မ ၉၉ သည် ကွတ်ခိုင် မူစယ် ကားလမ်းပိတ်ဆို့ရေးအား၎င်း ၎င်းကွပ်ကဲ မှုနယ်မြေရှိ တပ်စခန်း မြို့ရွာများလုံခြုံရေးအား၎င်း KIA/CPB တပ်များထိုးဖေါက်ဝင်ရောက်လာနိုင်သည့် ရွှေလီချိုင့်ဝှမ်းဂွင်တွင် ရင်း ၄ ရင်းပါ နည်းဗျူ ဟာတစ်ခု ဖြန့်ခွဲလှုပ်ရှား၍၎င်း တပ်များပြင်ဆင် ကာ စစ်ရေးသတိအမြင့်ဆုံးထား၍ စောင့်ကြပ်ကာပူးတွဲတပ်ဖွဲ့၏ လှုပ်ရှားမှုသတင်းများအား မပြတ်စောင့်ကြည့် ထောက်လှမ်းလေတော့သည်။
ပူးတွဲတပ်များအဖို့ တပ်မ ၉၉ လက်အောက်ခံတပ်စခန်း မြို့ရွာများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသဖြင့် ထိုစခန်းများ လုံခြုံရေးမြှင့်တင်ခြင်းမှာပြသနာမရှိပေ။ ပြသနာရှိသည့် ပထမအချက်ကကားလမ်းကို ပိတ်ဆို့ထားသော အတားအဆီးများကို ကျော်လွှားနိုင်ရေး ဒုတိယအချက်မှာ ကားလမ်းကိုကျော်လျင် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းလှုပ်ရှားနေသော အစိုးရတပ် လှုပ်ရှားစစ်ကြောင်းများကိုကျော်လွှားပြီး ရွှေလီမြစ်အားဖြတ်ကူးနိုင်ရေးဖြစ်သည်။ ထိုအချက်နှစ်ခုကလည်းချိန်သားကိုက်ရန်လိုသည်။ ချိန်သားမကိုက်ဘဲ လမ်းဖြတ်ကူးရာ၌ပိတ်ဆို့နေသည့်တပ်နှင့် တိုက်ပွဲဖြစ်ကာ ကြန့်ကြာနေပါက ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း လှုပ်ရှားနေသည့် စစ်ကြောင်းများ၏ပိတ်ဆို့မှုခံရကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနိုင်သည်။ပူးတွဲတပ်အင်အားနှင့်ဆိုလျင် တိုက်ပွဲဖြစ်ပွါးသည်ကို မှုစရာမလိုသော်လည်း ရည်မှန်းချက်ဖြစ်ရာ ကချင်ပြည်နယ် တွင်း မရောက်မှီကျည် ခဲယမ်းကုန်သွားပါက ရည်မှန်းချက်များပေါက်မြောက်နိုင်တော့မည်မဟုတ်။နောက်တန်းပြန်၍ ခဲယမ်းပြန်သယ်ရပေတော့မည်ဖြစ်သည်။ထို့ကြောင့် ရည်မှန်းချက်ဖြစ်ရာ ကချင်ပြည်နယ်တွင်းမရောက်မှီ မလွဲမရှောင်သာ တိုက်ပွဲငယ်အချို့မှလွဲ၍ တိုက်ပွဲကြီးများ မဖြစ်ရန်လိုနေသည်။
တချိန်တည်းတွင် အင်အား ၁၀၀ သို့မဟုတ်၂၀၀ ခန့်ဆိုလျင် တပ်ဖျောက်သွားလျင်လွယ်ကူသော်လည်း လူအင်အား ၁၀၀၀ ခန့် လားမြင်းရာဂဏန်းခန့်ဖြင့် တပ်ဖျောက်ရန် မလွယ်ကူပေ။သို့ဖြစ်ရာ အစိုးရတပ်များ၏ အလစ်အငိုက်ရယူရန်သာ မျှော်လင့်ရတော့သည်။ သို့သော် ထိုင်စောင့်ရင်း အလစ်အငိုက်မရနိုက်သဖြင့် လှုပ်ရှားရင်း အစိုးရတပ်၏ အလစ်အငိုက်ကို ရရှိရန်ကြိုးစားရတော့သည်။ဤသို့ဖြင့် ရွှေရာအောင် ပူးတွဲ တပ်ဖွဲ့ကြီးသည် နန့်ဖတ်ကာ ကွတ်ခိုင် တာမိုးညဲသိန္နီ မြောက်ဖက်ခြမ်းတွင် လှည့်ပတ်ရင်း တလည်လည်ဖြစ်နေဖြစ်နေတော့သည်။ တပ်ဖွဲ့ကိုဦးစီးသူများ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား မချနိုင်ခြင်းကြောင့်လည်း ဖြစ်သည်ဟုဆိုရမည်။
ဤသို့ဖြင့် ရက်အချို့သာကြာသွားပြီး မူစယ်ကွတ်ခိုင် ကားလမ်းအားမဖြတ်ကူးနိုင်ခဲ့ပေ။ထိုအချိန်၌ သိန္နီနှင့် ကွတ်ခိုင်ကြားမှ ဖြတ်ကူးနိုင်ရေးကြိုးစားကြည့်ရန် တာမိုးညဲ သိန္နီ ကွတ်ခိုင်ကြားဂွင်ထဲသို့ဝင်ကာ လမ်းကြောင်းရှာသည်။ မဖြတ်နိုင် ထိုအချိန် ကွတ်ခိုင်နှင့်သိန္နီကြား မန်ပင်းတွင် ဖေါင်းဆိုင် သကဆဖ အဖွဲ့ရှိသည်။ တိုက်ခိုက်၍ ထိုးဖေါက်ထွက်ရန် ဆုံးဖြတ်ချက်ကမပြတ်။ ထိုစ ခန်းငယ်များကို တိုက်ရသည်ကမခက်လှပေ။ သို့ သော် တိုက်ပွဲပြီး၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း တွေ့ရမည့် အစိုးရစစ်ကြောင်းများကို ရင်ဆိုင်ကျော်လွှားရန် ခေါင်းဆောင်ပိုင်းက မဝံ့မရဲဖြစ်နေသည်။
ထိုမှ နန့်ဆလပ်အပေါ်ပိုင်းဘက်သွားလိုက်ကွတ်ခိုင် လွယ်ဆမ်ဆစ်တောင်ကြောပေါ်လှည့်လိုက်နှင့် ပူးတွဲတပ်ကြီးလည်း ရှင်လောင်းလှည့် သလိုဖြစ်နေတော့သည်။ ကြာလာတော့ အောက်ခြေတပ်မှူးတပ်သားများလည်း စိတ်မရှည်ချင်ကြ တော့ပေ။လူအင်အားကလည်းများတော့ တပွဲတလမ်းကနွှဲချင်နေပေပြီ။ အောက်ခြေအဖို့ အထက်၏ စစ်ရေးရည်မှန်းချက် ကိုမသိသဖြင့် ဘယ်နားတိုက်တိုက် သူတို့အတွက် အတူတူဖြစ်နေရာ အချိန်ကြာလာသည်နှင့်အမျှ စိတ်မရှည်နိုင်အောင်ဖြစ်လာတော့သည်။ သို့သော်ပူးတွဲတပ်ဖွဲ့ကြီးကားရည်မှန်းချက်လည်း မရောက်နိုင်သေးဘဲတဝဲဝဲလည်လို့နေပေတော့သည်။
0 comments:
Post a Comment