ကချင်ဒုက္ခသည် စခန်းအချို့တွင် ဝမ်းရောဂါဖြစ်ပွားနေ


ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် ဒုက္ခသည်စခန်း အချို့တွင် ကလေးများနှင့် သက်ကြီး ရွယ်အိုများအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကြောင်း ကချင် ဒုက္ခသည်ကူညီရေး အဖွဲ့များကို စီမံခန့်ခွဲပေးနေသည့် Relief Action Network for IDP and Refugee – RANIR အဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ အင်ဘာပါ ဒုက္ခသည်စခန်း သုံးခုနှင့် ဝိုင်းမော်မြို့နယ်ရှိ ပါဂျောင် ဒုက္ခသည် စခန်းတို့ တွင် သောက်သုံးရေ လုံလောက်မှု မရှိခြင်းနှင့် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကလေးငယ် အယောက် ၃ဝ ကျော် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေပြီး ပါဂျောင်စခန်းတွင် ဝမ်းပျက်ရောဂါဖြင့် ကလေးတဦး သေဆုံးခဲ့သည်ဟု RANIR အဖွဲ့က ပြောသည်။

“မနေ့က ကျနော်တို့ ကွင်းဆင်းလေ့လာမှုတွေ လုပ်တော့ အင်ဘာပါ ဒုက္ခသည်စခန်း သုံးခုမှာ ကလေး ၂၅ ယောက် တောင် ဝမ်းလျှောရောဂါ ဖြစ်နေတယ်။ အဲဒီမှာရှိတဲ့ ဆေးအဖွဲ့တွေကတော့ သောက်သုံးရေ လုံလောက်မှု မရှိရာကနေ ဖြစ်တာလို့ ပြောတယ်” ဟု RANIR မှ တာဝန်ရှိသူ ကိုလရစ် က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဒုက္ခသည်စခန်းများမှာ လုံခြုံရေးအရ တောင်ကြောများတွင် ဆောက်လုပ်ထားခြင်း ဖြစ်သဖြင့် သောက်သုံးရေ ရရှိရန် ခက်ခဲသည်ဟု သိရ သည်။
 
 လိုင်ဇာမြို့နယ်ရှိ ဒုက္ခသည်တဲစခန်းများကို တွေ့ရစဉ်

လိုင်ဇာမြို့နယ်ရှိ ဒုက္ခသည်တဲစခန်းများကို တွေ့ရစဉ် အလားတူ ကချင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ ရွှေလီခရိုင်တွင်း Lying နှင့် Naung Tau ဒုက္ခသည်စခန်း ၁၉ ခု တွင်လည်း သောက်သုံးရေနှင့် အိမ်သာ လုံလောက်မှုမရှိခြင်းနှင့် ရင်ဆိုင်နေရပြီး စခန်းအားလုံးတွင် ဝမ်းရောဂါ ဖြစ်ပွားနေသဖြင့် ဆေးအဖွဲ့မှ ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း ဒုက္ခသည်များကို အစားအသောက်နှင့် ဆေးဝါးများကူညီပေးနေသည့် လူထုအလင်း ခေါ် Wunpawng ning htoi အဖွဲ့က ပြောသည်။

“တရုတ်ပြည်ဘက်က စခန်းတွေမှာ နေရာတွေက ကျဉ်းတော့ အိမ်သာတွေကလည်း နည်းတယ်။ သောက်သုံးရေ အတွက် တချို့ ရေတွင်းတွေက နက်နက်မတူးထားနိုင်တော့ ရေမလောက်ဘူး။ ရာသီဥတုကလည်း အကူးအပြောင်း ဆိုတော့ ဝမ်းလျှော ဝမ်းပျက် ဖြစ်တဲ့လူတွေ များတယ်။ ကျမတို့ ဆေးအဖွဲ့က ၅ ယောက်ပဲ ရှိတယ်။ အဲဒီလူနဲ့ပဲ တတ်နိုင်သလောက် လိုက်ကူပေးနေတာ” ဟု လူထုအလင်းအဖွဲ့ ဒါရိုတ်တာ မမေလီအောင် က မဇ္ဈိမကို ပြောသည်။

မြို့ပြများပေါ်နှင့် မြို့များအနီးတွင် တည်ဆောက်ပေးထားသော ဒုက္ခသည် စခန်းများတွင် ရေနှင့် အိမ်သာ အခက်အခဲ မရှိသော်လည်း တောတောင်များတွင် တည်ဆောက်ထားသော ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေး၊ ဆေးဝါးနှင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရသည်ဟု အကူညီပေးရေး အဖွဲ့များက ပြောသည်။

တရုတ်နိုင်ငံအတွင်းမှ ဒုက္ခသည်စခန်း ၁၉ ခုနှင့် ကချင်ပြည်နယ်အတွင်ရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်းမော်နှင့် မန်ဝင်းကြီးမြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄၀ ကျော်ရှိပြီး ဒုက္ခသည်ဦးရေ ၄၄,၀၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း ကချင်ဒုက္ခသည် ကော်မတီ ထံမှသိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေးနှင့် ဆေးဝါးစောင့်ရှောက်မှုကိုမူ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ၊ ဒေသခံ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက လှူဒါန်းပေးကြကြောင်း ကချင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ ဦးဒွဲပီဆား က ပြောသည်။

ထိုကဲ့သို့သော အကူအညီများမှာ ဒုက္ခသည်များအတွက် လောက်ငှခြင်းမရှိဟု အကူညီပေးရေး အဖွဲ့များက ပြောဆို ကြသည်။ ယခုအခါ ရာသီဥတုဒဏ်ကြောင့် ပျက်ယွင်းစ ပြုနေပြီဖြစ်သော ဒုက္ခသည်များ နေထိုင်သည့် ယာယီတဲများ အတွက် အမိုး အကာများ လိုအပ်နေသလို အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ဆိုသည်။

“တဲတွေကလည်း နှစ်ဝက်လောက်ကြာလာတော့ ဆွေးမြေ့ပေါက်ပြဲပြီး လုံလုံခြုံခြုံမရှိတော့ဘူး။ ဒီလိုပဲ အခုကူညီနေတဲ့ အင်အားနဲ့က ဒုက္ခသည်တွေအတွက် မလုံလောက်ဘူး။ ဘယ်အချိန် အိမ်ပြန်ရမလဲ မရေရာသေးတဲ့အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးအကူအညီတွေက အရေးပေါ် လိုအပ်နေတယ်” ဟု ဦးဒွဲပီဆား က မဇ္စိျမကို ပြောသည်။

ကချင်ပြည်နယ်အတွင်း ၂ဝ၁၁ ခုနှစ်လည်ပိုင်းက KIO နှင့် အစိုးရတပ်များ နှစ်ဖက်တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားခဲ့ပြီး ပြည်နယ်အတွင်းရှိ ဒေသခံတို့မှာ အိုးအိမ်နှင့် တောင်ယာများကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်း  ဖြစ်သည်။ ဒုက္ခသည်များမှာ နေရပ်ရင်းသို့ ပြန်လည်လုပ်ကိုင် နေထိုင်လိုသော်လည်း ၎င်းတို့နယ်မြေများအတွင်း အစိုးရစစ်တပ်များ သွားလာ တပ်စွဲမှုများ ရှိသဖြင့် တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို စိုးရိမ်ကာ ပြန်နိုင်ကြခြင်း မရှိသေး ဘဲ ဖြစ်နေကြသည်။
Mizzima

About exodus42

0 comments:

Post a Comment