ကချင်တွေ စစ်တိုက်နေကြတာ ဘုရားသခင် အလိုတော်အရလား...???


 မင်္ဂလာပါခင်ဗျာ... မကြာခင်က ကျနော်သူငယ်ချင်း (ခရစ်ယာန်တစ်ယောက်) နဲ့စကားပြောဖြစ်တော့  သူက မေးခွန်းထုတ်ပါတယ်.။ "ကချင်တွေ စစ်တိုက်နေကြတာ ဘုရားသခင် အလိုတော်အရလား...???" တဲ့.. သူဆိုလိုတာက ကချင်အများစု (၉၀%ကျော်)ဟာ ခရစ်ယာန်တွေဖြစ်ကြတယ်.၊ KIA ကလဲ ခရစ်ယာန်ဘာသာကို တရားဝင်ဘာသာလိုကို သတ်မှတ်ထားတယ်.၊ ဒါပေမဲ့ ခရစ်တော်က ရန်သူကို ချစ်ပါလို့ မိန့်ကြားထားပါရက်နဲ့ KIA က ဘုရားသခင်အလိုတော်အရ ဆိုပြီး ဘာလို့ စစ်တိုက်နေကြသေးသလဲ.. လို့ မေးချင်တာပါ.။ ခရစ်တော်၏နာမတော်ဍ် ဆိုပြီး အမှန်တော့  ဖီလာဆန့်ကျင်လုပ်နေကြတယ် လို့ စွပ်စွဲလိုက်တာပါ.။

 ဘာသာရေးဆိုတာ ရှုပ်ပါတယ်.။ နိုင်ငံရေး လူမျိုးရေးနဲ့ သွားရောလိုက်တော့ ပါရှုပ်သွားပါတယ်.။ ကျနော်ကိုယ်နှိုက်က ကျမ်းစာပညာရှင်မဟုတ်ပါဘူး.။ ဒါပေမဲ့ မေးခွန်းရှိတော့လဲ တတ်သလောက်မှတ်သလောက်ဖြေရတော့တာပေါ့.။ 

(၁) ရောမ ၁၃း ၁ - ၈ အုပ်ချုပ်မင်းလုပ်သူ အစိုးရကို အရာရာမှာ ၀န်ခံပါ လို့ ကျမ်းစာကဆိုထားပါတယ်.။
 ဒါပေမဲ့ သေချာလေ့လာကြည့်လိုက်ပါ.။ ဘယ်လိုအစိုးရလို့ ကျမ်းစာက အထူးပြုထားပါသေးသလဲ.။ အငယ် ၄ မှာပါ.။ ဘုရားသခင်ခန့်အပ်တော်မူသော တရားမျှတသော အစိုးရကိုသာ ညွန်းဆိုထားပါတယ်.။ မကောင်းမှုကို ဖယ်ရှားသုတ်သင်တဲ့ အစိုးရပါ.။ အဲဒီလို အစိုးရမဟုတ်ရင် KIA/KIO က လုံးဝ လက်မခံ၊ မနာခံနိုင်ကြောင်းပါ.။ (ကျနော်သူငယ်ချင်းကိုတော့ ကျနော်ဒီလို အချက်အလက်နဲ့ ရှင်းပြမနေပါဘူး.။
 
 " တကယ်ပဲ Authorities နဲ့ Superiority တွေကို မှားမှားမှန်မှန် မဆန့်ကျင်၊ မျက်စိမှိတ်နာခံရမယ်ဆိုရင် မင်းတောင် ခရစ်ယာန်ဖြစ်လာလိမ့်မှာမဟုတ်ဘူး.။ Roman Catholic နဲ့ Orthodox ဂိုဏ်းကြီးတွေကို Protestant တွေက မဆန့်ကျင်ခဲ့ဘူးဆိုရင် နှစ်ခြင်းအသင်းတော်ဆိုတာလဲ ရှိလာမှာ မဟုတ်ဘူး.။ မင်းဆီကိုလဲ နှစ်ခြင်းသာသနာရောက်လာမှာ မဟုတ်ဘူး..။ အလွန်ဆုံး RC အသင်းသားပဲ ဖြစ်ပြီး. ဒီလိုစကားမျိုး ငါ့လာပြောဖို့ ဝေးစွ..။ ကျမ်းစာတောင် ဖတ်ဖူးမှာ မဟုတ်ဘူး...။"လို့ ခပ်စွာစွာ ပြန်ပြောလိုက်ပါတယ်...။)
 
 (၂) ခရစ်တော်ရဲ့ ပညတ်တော် ၂ ချက်ပါ..။ 
 ကောင်းပါပြီ.။ ခရစ်တော်က ဘုရားသခင်ရယ်.၊ ကိုယ်နဲ့ စပ်ဆိုင်သူရယ်ကို ချစ်ဖို့ ပညတ်တော်ပေးခဲ့ပါတယ်..။ ဒီအကြောင်းတော့ ရှည်ရှည်ဝေးဝေးရှင်းရပါလိမ့်မယ်.။ ခရစ်ယာန်ဂိုဏ်းဂဏ အားလုံးနီးပါး လက်ခံထားတဲ့ ခေတ်ကြီးတွေအကြောင်းကနေ စပြောရပါမယ်.။

 ၁။ အပြစ်မရှိသော ခေတ် (အာဒံမကျဆင်းမှီ ကာလ)
၂။ သြတပခေတ် (အာဒံကျဆင်းခြင်းမှ ရေလွှမ်းမိုးခြင်းကာလထိ - BC ၄၀၀၀ - ၂၅၀၀)
၃။ လူအုပ်စိုးသောခေတ် (ရေလွှမ်းမိုးခြင်းမှ အာဗြာဟံကာလထိ - BC ၂၅၀၀ - ၂၀၀၀)
၎။ ပဋိညာဉ်ခေတ် (အာဗြာဟံမှ မောရှေကာလထိ - BC ၂၀၀၀ - ၁၅၀၀)
၅။ ပညတ်တော်ခေတ် (မောရှေမှ သခင်ယေရှုကာလထိ - BC ၁၅၀၀ - ၄)
၆။ ကျေးဇူးတော်ခေတ် (သခင်ယေရှု ပထမအကြိမ်ကြွလာခြင်းမှ ဒုတိယအကြိမ် ကြွလာခြင်းထိ (ဘေးဒဏ်ကြီးကာလ ၇ နှစ်အပါအ၀င်))
၇။ နိုင်ငံတော်ခေတ် (နှစ်တစ်ထောင်နိုင်ငံတော်)

ခတ်ကြီး ၇ ခေတ်ပါ.။ ရှင်းရှင်းလေးဆိုပေမဲ့ ကွဲလွဲမှုတွေရှိနေတာက ခက်နေပါတယ်.။ ခရစ်တော်ရဲ့ ပညတ်တော် နှစ်ပါးဟာ အခုကာလမှာကိုကျင့်ဆောင်ရမှာပါဆိုတဲ့လူကဆိုသလို.. အထက်ဖော်ပြပါ နှစ်တစ်ထောင်နိုင်ငံတော်ကာလကျမှ လိုက်နာရမဲ့ ပညတ်တော်တွေဖြစ်တယ်လို့် ဆိုတဲ့လူကဆိုပါတယ်.။

"အခုကတည်းက လိုက်နာရမဲ့ ပညတ်တော်တွေပေါ့ကွ" လို့ သူငယ်ချင်းကပြန်ပြောပါတယ်.။ ကောင်းပါပြီ..။
"ဘာလို့အဲလိုမြင်လဲဆိုတော့ မင်းအသင်းတော်က အဲလိုသွန်သင်တဲ့ အသင်းတော်မို့လို့ပေါ့ကွ..။ တခြားမူကွဲ အယူအဆတွေကို ကြားကောကြာဖူးရဲ့လား..။" လို့ ကျနော်ပြန်ဟောက်လိုက်ပါရဲ့..။ အခုကတည်းက ကျင့်ဆောင်ရမဲ့ ပညတ်တော်လို့ ခံယူရင်လဲ ခံယူပါ..။ ဘာမှပြောစရာမရှိပါဘူး.။ ဒါပေမဲ့ တခြားခရစ်ယာန်တွေမှာ ကွဲပြားခြားနားတဲ့ အမြင်တွေရှိတယ်ဆိုတာ အနဲဆုံတော့ ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်.။




(ကချင်တွေဟာ ဒီပညတ်တော်တွေကို နိုင်ငံတော်ကာလကျမှ လိုက်နာရမယ်လို့ ခံယူထားကြောင်း ကျနော် ပြောနေခြင်းမဟုတ်ပါ.။ ကွဲပြားသော သီအိုရီများရှိကြောင်း ရှင်းပြခြင်းသာဖြစ်ပါတယ်.။ နောက်ပိုင်းမှာ ရှင်းရှင်းလင်းလင်းနားလည်အောင် ရေးထားပါတယ်.။)

အဲဒီမှာ ပိုရှုပ်သွားတာက နှစ်တစ်ထောင်နိုင်ငံတော်ကာလနဲ့ပတ်သက်ပြီး ယူဆချက်တွေထပ်ကွဲကုန်လို့ပါ.။ အခုဘယ်ကာလ၊ ဘယ်ခေတ်မှာ အသက်ရှင်နေကြရတာလဲ ဆိုတဲ့မေးခွန်းနဲ့ပါ.။ ပညတ်တော်၂ပါးကို နိုင်ငံတော်ကာလကျမှ လိုက်နာရမယ်ဆိုတဲ့ ခရစ်ယာန်တွေထဲမှာကို အခုပဲ နှစ်တစ်ထောင်နိုင်ငံတော်ကာလ ရောက်နေပြီ.၊ မရောက်သေးဘူး.၊ ကျော်သွားပြီနဲ့ ယူဆချက်တွေ ကွဲနေပါတယ်.။

ယူဆချက်သီအိုရီ ၄ မျိုးကွဲပါတယ်.။ အဓိကကတော့ ၃ မျိုးပါ.။
က။ Premillennialism
ခ။ Amillennialism
ဂ။ Postmillennialism
( နောက်တစ်မျိုး Darbyism ဆိုတာကတော့ Premillennialism ရဲ့ မူကွဲပါပဲ.။ Dispensational Premillennialism လို့လဲခေါ်ပါတယ်.။)

Premillennialism တွေက နှစ်တစ်ထောင်ကာလ မရောက်သေးဘူးလို့ ယူဆပါတယ်.။ တဖြည်းဖြည်းနဲ့ ကမ်ဘာကြီးက ပိုပိုဆိုးရွားလာပြီး. ဘေးဒဏ်ကြီးကာလ ၇ နှစ်ကိုကြုံရမယ်.။ ပြီးမှ သခင်ယေရှုကြွဆင်းလာပြီး နိုင်ငံတော်ကာလတည်မယ်လို့ လက်ခံကြပါတယ်.။

Amillennialism ကတော့  ဘေးဒဏ်ကြီးကာလ၊  နိုင်ငံတော်ကာလ ဆိုတာတွေဟာ ပုံဆောင်ချက် (Symbolitic sayings) တွေသာဖြစ်ပြီး တကယ်ဖြစ်လာမဲ့ အရာမဟုတ်ဘူးလို့ မြင်ကြပါတယ်.။ ကမ်ဘာကြီးကတော့ ပိုပိုဆိုးရွားလာပြီး နောက်ဆုံးမှာ ခရစ်တော် ဒုတိယအကြိမ် ကြွလာမယ်လို့  ခံယူကြပါတယ်.။

Postmillennialism တွေရဲ့အမြင်ကတော့ တစ်မျိုးပါ..။  ဘေးဒဏ်ကြီးကာလဟာ အတိတ်  (ပထမကမ်ဘာစစ်၊ ဒုတိယကမ်ဘာစစ်စသည်)မှာ ဖြစ်ခဲ့ပြီးလို့ အခုပဲ  နှစ်တစ်ထောင်နိုင်ငံတော်ကာလထဲ ရောက်နေပြီဖြစ်ကြောင်း ယူဆကြပါတယ်.။ အခုလောလောလတ်လတ်မှာ ခရစ်တော်စိုးမိုးနေပြီဖြစ်လို့ ကမ်ဘာ့ဇာတ်ခုံမှာ ခရစ်ယာန်နိုင်ငံတွေ အင်အားကြီးထွားလာတယ်.။ အစစ အရာရာတိုးတက်လာတယ်.။ သက်ရှိ ပရဒိသုဘုံကို တည်ဆောက်နေနိုင်ပြီ.၊ စာတန်ကိုတော့ အနက်ဆုံးတွင်းထဲမှာ ချုပ်ထားတယ်.. စတဲ့ အမြင်တွေရှိကြပါတယ်..။ နောက်ဆုံးမှာ ကမ်ဘာကြီးဟာ အေဒင်ဥယဉ်အတိုင်း ပြန်ဖြစ်လာပြီး ခရစ်တော်လဲ ဒုတိယအကြိမ် ကြွလာမယ်လို့ ခံယူကြပါတယ်.။ (သူတို့က တိုးတက်မှုလို့ ယူဆတာတွေကို တခြားသီအိုရီသမားတွေက ၆၆၆ ရဲ့ လက်ခဏာရပ်လို့ပဲ မြင်ကြပါတယ်.။) လုကာ ၁၇း ၂၀ -  ၂၁ နိုင်ငံတော်ဟာ သင်တို့အထဲမှာပဲ ရှိတယ်ဆိုတဲ့ ကျမ်းပိုဒ်ကို ထောက်ပြကြပါတယ်.။

ကဲ အခု လိုရင်းဆက်သွားလို့ရပါပြီ.။ ခရစ်တော်ရဲ့ ပညတ်တော် ၂ ပါးကို ဘယ်အချိန်ဖြစ်ဖြစ် ကျင့်ဆောင်ရမယ်လို့ မြင်ရင် ရှင်းပါတယ်.။ နာခံလိုက်လျှောက်ပါ.။ နိုင်ငံတော်ကာလကျမှ လိုက်နာရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည်ပါ.။ အထက်ပါ သီအိုရီ ၃ ရပ်အနက် ဘယ်ဟာကို လက်ခံပါသလဲလို့..။  နိုင်ငံတော်ခေတ်မရောက်သေးဘူးလို့ ယူဆရင်လဲ ရှင်းပါတယ်.။

ဒီပညတ်တော်တွေကို (ပြည်ထောင်စုလွှတ်တော်အသုံးအတိုင်းဆိုရရင်) မှတ်တမ်းတင်ထားလိုက်ပါ..။ Postmillennialism အရ င်ငံတော်ခေတ် ရောက်ပြီလို့ မြင်ရင်တော့ နဲနဲထပ်ပြောရပါတော့မယ်.။ သီအိုရီအရဆိုရင် ကမ်ဘာကြီးက ပိုပိုကောင်းသွားရပါမယ်.။ ပိုပြီးတော့ အေးချမ်းလာရပါမယ်.။ ခရစ်တော်ကို လက်ခံတဲ့ အစိုးရတွေပဲ အာဏာရရပါလိမ့်မယ်.။(သီအိုရီအရပြောတာနော်.။) စာတန်ရဲ့ လက်ပါးစေ မာရ်နတ်တပ်တွေကျဆုံးရပါမယ်.။ ခရစ်တော်ရဲ့နာမကို ဆွဲကိုင်ပြီး စာတန်တပ်ကို တိုက်ခိုက်ရပါမယ်.။ ဒီလိုတိုက်ရမဲ့အစား စာတန်တပ်နဲ့ ငြိမ်းချမ်းရေးယူပါလို့ ပြောလာရင် သီအိုရီရဲ့ လောဂျစ်နဲ့ မကိုက်တော့ပါဘူး.။ (ဗမာတပ်တွေကို ကချင်တပ်တွေက စာတန်တပ်လို့ပဲ မြင်ပါတယ်..။ ဟုတ်မဟုတ် စဉ်းစာကြည့်ကြပါ.။ KIA တွေနယ်မြေ ဗမာတပ်ဝင်လာရင်၊ သိမ်းပိုက်လိုက်မယ်ဆိုရင် အရင်လို ဘုရားဝတ်ပြုဆုတောင်းနိုင်မယ် ယူဆပါသလား.။ ခရစ်ယာန်ဘာသာ အရင်လိုစည်ပင်မယ် ထင်ပါသလား..။)

နိုင်ငံတော်ခေတ်မရောက်သေးဘူးလို့ ယူဆရက်နဲ့ ကချင်တွေ စစ်မတိုက်သင့်ဘူးလို့ မြင်ရင်လဲ သီအိုရီနဲ့ မညီပြန်ပါဘူး.။ :P ။ ဘေးဒဏ်ကြီးကာလမှာ စစ်ဖြစ်ရပါမယ်၊ မီးတောင်ပေါက် ငလျင်လှုပ်၊ အငတ်ဘေးကြုံ၊ ရောဂါဘရထူပြော၊ ဘုရားက ဒီလို သတ်မှတ်ပြီးသားပါ.။ (လက်တွေ့အပြင်မှာ လဲ တကယ်ဖြစ်နေပါတယ်.။) ဒါကိုမှ ကချင်တွေစစ်တိုက်တာ့ ဘုရားရဲ့ အလိုတော်မဟုတ်ဘူးလို့ ဆိုလာရင်တော့ ဗျာဒိတ်တော်ကို နားမလည်ရာရောက်ပါတယ်.။ လူတွေကြားထဲမှာ ၀ိုင်းဟားခံရနိုင်ပါတယ်.။(လူတိုင်းစစ်ထတိုက်ပါ.။ လုံးဝ ငြိမ်းချမ်းရေးမယူရလို့ ပြောတာဟုတ်ဘူးနော်.။  ကချင်တွေစစ်တိုက်တာ့ ဘုရားရဲ့ အလိုတော်မဟုတ်ဘူးဆိုတာ မဟုတ်တဲ့အကြောင်းကို ရှင်းပြတာ.။တိန်..။  ပိုရှုပ်ကုန်ပြီ..။)

"ကဲ ကဲ ဟုတ်ပါပြီ..။ ခရစ်တော်က ရန်သူကို ချစ်ပါလို့ ဘာလို့ မိန့်ခဲ့သေးလဲ.. ပြောပါဦး.။" သူငယ်ချင်းက တစ်စခန်းထလာပြန်ပါတယ်.။ "ဘယ်ဘက်ပါးအပြင် ညာဘက်ပါးပါ အရိုက်ခံပါ. ဆိုတာတွေ ဘယ်သွားထားမလဲ..။" လို့မေးလာပါတယ်.။

(ကျနော် ပြောတာကျန်ခဲ့လို့ပါ.။ အထက်ကဆိုခဲ့တဲ့ နိုင်ငံတော်ခေတ်ကျမှ လိုက်နာရမဲ့အချက်တွေထဲမှာ ပညတ်တော် ၂ ပါး အပြင် တောင်ပေါ်ဒေသနာ ( ပါး၂ချက်ပေးရိုက်ဖို့တို့..၊ ရန်သူ ကိုချစ်ဖို့တို့) အားလုံးပါဝင်ပါတယ်.။)

ကချင်တွေဟာ ဘယ်လိုသီအိုရီကို လက်ခံသူတွေဖြစ်ပါစေ၊ ခရစ်ယာန်တွေပါပဲ.။ ခရစ်တော်ရဲ့စကားကို နာခံလိုက်နာဖို့ အသင့်ဖြစ်နေကြသူတွေပါပဲ.။ အထက်ဖော်ပြပါ အချက်(မေးခွန်း) ၂ ခုကို ကျနော် ရှင်းပါမယ်.။

၁။ ခရစ်တော်က ရန်သူကို ချစ်ပါလို့ ပြောခဲ့ပါတယ်.။ မှန်ပါတယ်..။ ဒါပေမဲ့ စာတန်ကိုချစ်ပါလို့ မပြောခဲ့ပါဘူး.။ ခရစ်ယာန်တိုင်းပြည်တွေစာ စစ်ဖြစ်တိုင်း တစ်ဘက်ရန်သူကို စာတန်လို့ သမုတ်ခဲ့ကြတာချည်းပါပဲ.။ တကယ်လဲ စာတန်နဲ့ တိုက်နေရတာပါပဲ.။ ကချင်တွေဆီ ခရစ်ယာန်သာသနာရောက်မလာခင် AD ၁၁ ရာစုကတည်းက ခရစ်တော်ရဲ့နာမတော်ဍ် ခရူးဆိတ်စစ်ပွဲ ဖြစ်ခဲ့ပါပြီ.။ နှစ်ခြင်းသာသနာဘိုးအေ အမေရိကန်တွေလဲ ခုထိ နာမတော်ဍ် စစ်တိုက်နေဆဲပါ..။ ကချင်မျိုးချစ်တပ်တွေလဲ နာမတော်ဍ် စစ်တိုက်နေပါသည်.။ ဘုံရန်သူကား စာတန်ဖြစ်ပါ၏..။

၂။ ခရစ်တော်က ရန်သူ ကို ချစ်ခိုင်းပါတယ်.။ ကြားဖူနေကျ စကားတစ်ခွန်းရှိပါတယ်.။ "မိတ်ဆွေ တစ်ရာလား. နဲသေးတယ်.၊ ရန်သူတစ်ယောက်လား.၊ များလှပြီ.။" တဲ့.။ ဒါပေမဲ့ ခရစ်တော်က ရန်သူမထားပါနဲ့လို့ ဘာကြောင့်မမှာခဲ့တာပါလဲ.။ ဘာကြောင့် ရန်သူကို ချစ်ပါ လို့ မှာခဲ့တာပါလဲ.။ ဟုတ်ကဲ့.။ ရန်သူဆိုတာ ပြိုင်ဘက် ဆန့်ကျင်ဘက် ရင်ဆိုင်တိုက်ခိုက်နေရသူ တိုက်ပွဲဆင်နွဲနေရသူ ပါ..။ ယေရှုက အဲလိုအရာ မရှိကောင်းလို့ မပြောဘဲ ချစ်ပါလို့သာပြောခဲ့တာဟာ အကြောင်းရှိပါတယ်.။ ရန်သူဆိုတာ ရှိလို့ရတယ်.။ တိုက်ခိုက်တွန်းလှန်မှုတွေ ရှိနေ့ရမယ်.။ဆိုတဲ့ သဘောပါ.။ အဲဒီရန်သူကိုသာ ချစ်ပါ.။ တရားမျှတစွာ ရင်ဆိုင်တိုက်ခိုက်ပါ.။ နာမတော်ဍ်သာ တိုက်ပွဲဝင်ပါလို့ ဆိုလိုပါတယ်..။ ရန်သူကိုချစ်ခြင်းဟူသည် လုံးဝ ဒူးထောက် အရှုံးပေးခြင်း၊ အညံ့ခံခြင်း၊ ဟုအဓိပါယ်မရကြောင်းပါ ခင်ဗျား..။
 
 ၃။ ဘယ်ဘက်ပါးရိုက်သူကို ညာဘက်ပါ ခံပေးပါ.။  ဟဲ ဟဲ ဒါကတော့ ရှင်းပါတယ်..။ "အေး ရတယ် ရိုက်လေ.။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားနော်.။ ပါးနှစ်ဘက်လုံး အရိုက်ခံပြီးရင် ပြန်မရိုက်ရဘူးလို့ ခရစ်တော် မပြောထားဘူးနော်.။ ငါကတော့ ပန်ရိုက်မှာပဲ.။" ကျနော့်သူငယ်ချင်းကို ဒီလို ပြန်ပြောလိုက်ပါတယ်..။
 
 (စကားချပ်...။ ကျနော်ကတော့ Personally အရဆိုရင် ပြည်တွင်းစစ်ကို လုံးဝကန့်ကွက်ပါကြောင်း.။ ယခု Note ကိုရေးရခြင်းမှာလဲ လူမျိုးရေးပြသနာ.၊ ပြည်တွင်းစစ်ကို ဘာသာရေးရှုထောင့်မှ ကပ်သပ်ပြောဆိုလာမှုကြောင့်သာ ပြန်လည် ချေပရခြင်းဖြစ်ပါကြောင့်း.။)

 (၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရေးသည်..။)

About exodus42

0 comments:

Post a Comment