ရင်ကိုမှန်တဲ့ အုတ်ခဲတစ်လုံး

ခေါင်စဉ်လေးကတော့ " ရင်ကိုမှန်တဲ့ အုတ်ခဲ့တစ်လုံးတဲ့ "...  တကယ်ဘဲ နောင်းနောင်ရဲ့ ရင်ကို လာမှန်သလားလို့ ခံစားမိတယ်....  တကယ်ကို ကောင်းတဲ့ စားစုလေးပါ... ဒါကြောင့် နောင်းနောင်ရဲ့ မိသားစုတွေ အားလုံးကိုလည်းဘဲ ဖတ်စေချင်တဲ့အတွက် အစိမ်ရောင်လွင်ပြင် မှ ကူယူမျှဝေလိုက်တာပါ...
 ကျွန်တော်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ စီနီယာ မန်နေဂျာ ရာထူးနဲ့အတူ ကောင်းမွန်တဲ့လစာ၊ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းစွာ ရှိနေခဲ့ပါတယ်.. အပူအပင်သိပ်မရှိဘဲ သက်သောင့် သက်သာနဲ့ ဘ၀ကို ကျော်ဖြစ်ခဲ့တဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်..  ပြီးတော့ ၀ယ်ထားတာ ၂လဘဲ ရှိသေးတဲ့ အသစ်စက်စက် ပြောင်လက်နေတဲ့ အနက်ရောင် ဂျာဂွာကားသစ်လေးနဲ့ ကိုယ့်ကိုယ်ကို စတိုင်ကျကျနဲ့ သပ်ရပ် ကြော့မာ့နတတ်တဲ့ ကျွန်တော့်အတွက် အရာရာ အဆင်ကို ပြေနေတော့တာပါဘဲ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရင်း အိမ်နဲ့ကုမ္ပဏီ သွားလိုက်လာလိုက်နဲ့ ကျွန်တော့်ဘ၀လေးကို ကျေနပ်နေခဲ့ပါတယ်…


တစ်နေ့ ကျွန်တော် အလုပ်တွေပြီးတော့ ကုမ္ပဏီကနေ အိမ်အပြန် ကျွန်တော့်ရဲ့ ကားသစ်လေးနဲ့ မြို့ပြင်ဘက်ကို အပျင်းပြေ ကားမောင်းထွက်ခဲ့ပါတယ်.. အရှိန်ပြင်းပြင်းနဲ့ ကားကိုမောင်းနေရင်း မျက်လုံးကိုလည်း လျှင်လျှင် ထားရပါသေးတယ်.. ကားလမ်းမပေါ် ကလေးတွေ ရုတ်တရက် ဖြတ်ပြေးတာမျိုး၊ လမ်းကွေ့ကနေ ကားတွေ ချိုးကွေ့ထွက်လာတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။  အရှိန်နဲ့ မောင်းနေရင်း ရှေ့နားမှာ Slow Down အချက်ပြတစ်ခုကို တွေ့လိုက်တာမို့ ကားကို အရှိန် လျော့လိုက်ပါတယ်.. အဲဒီမှာ  မမျှော်လင့်ဘဲ ကျွန်တော့်ကားမှန်ကို တစ်စုံတစ်ခု လာရောက်ထိမှန်သံ ကြားလိုက်ရပါတယ်.. လှည့်ကြည့်လိုက်တော့ နောက်ခန်းထဲမှာ အုတ်ခဲကျိုး တစ်ခုက ရောက်နေခဲ့ပြီ။ ဘုရားရေ.. ကျွန်တော့်ရဲ့ တောက်ပ ပြောင်လက်နေတဲ့ ဂျာဂွာကားမှန်အသစ်ဟာ ကွဲသွားပါရောလား…


ကျွန်တော် ကားဘရိတ်ကို ဆောင့်နင်းပစ်လိုက်ပြီး တာယာကို အသံမြည်အောင် ကားကို ဆွဲကွေ့ပစ်ကာ  ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူကို အပူတပြင်း လိုက်ရှာပါတယ်…. အုတ်ခဲနဲ့ ပေါက်လိုက်တဲ့ သူကိုလည်း တွေ့ရော ကားကို ထိုးရပ်လိုက်ပြီး ကားအပြင်ဘက်ကို ထွက်ကာ ဒေါသတကြီး ကားတံခါးကို ဆောင့်ပိတ်လိုက် ပါတယ်.. တကယ်တော့ ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူဟာ အလွန်ဆုံးရှိမှ အသက် ၁၂နှစ်လောက်ဘဲ ရှိဦးမှာပါ။ ကျွန်တော် သူ့ရဲ့ အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ပစ်လိုက်ပြီး လက်သီးနဲ့တစ်ချက် ထိုးချလိုက်ပြီးတဲ့နောက် မြေပြင်ပေါ်ကို ကြမ်းတမ်းစွာ ဆောင့်တွန်းပစ်လိုက်ပါတယ်.. 


“ ပြောစမ်း.. မင်းဘယ်သူလဲ.. မင်းက ဘယ်လောက်သတ္တိရှိလို့ ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ… မင်း ဒီလိုဘဲ သူများတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်တဲ့ကလေးလား.. အခု မင်းအုတ်ခဲနဲ့ထုလိုက်လို့ ငါ့ကားမှန်ကွဲသွားပြီ.. ဒီကားမှန် တစ်ချပ် ဘယ်လောက်တန်တယ်ဆိုတာ မင်းသိရဲ့လား.. ဟင်…  မင်း လျော်နိုင်လို့လား.. ပြောစမ်း.. ငတုံးရဲ့”


“ကျ.. ကျ.. ကျွန်တော် တောင်းပန်ပါတယ်ဗျာ… ခဏလောက် ကျွန်တော် ပြောတာ နားထောင်ပေးပါခင်ဗျာ. ဒီလိုမှ မလုပ်ရင် မဖြစ်လို့ပါ။ ဒီနေရာမှာ ကျွန်တော် ကားတွေတားတာ ဘယ်ကားမှ ရပ်မပေးကြလို့ ဘာလုပ်ရမယ်မှန်း မသိတော့တာကြောင့် ခုလို လုပ်လိုက်မိတာပါ။ ”


ကျွန်တော်ရဲ့ ဒေါသတွေနဲ့ ကြမ်းတမ်းလှတဲ့ အမေးကို မြေပြင်ပေါ်လဲကျနေတဲ့ ကောင်လေးက တုန်လှုပ် ခြောက်ခြားစွာ ဖြေနေပါတယ်. သူ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက စီးကျလို့ လူတစ်ကိုယ်လုံးလဲ တုန်ရီနေခဲ့ပါတယ်.. ပြီးတော့ တစ်နေရာကို လက်ညိုးညွှန်လိုက်ပြီး “ဟိုမှာ ကျွန်တော့်ရဲ့ အစ်ကိုပါ..  သူ့ရဲ့ ၀ီးချဲဟာ ဒီလမ်းပေါ်ကနေ ကျော်ပြီး ကုန်းအဆင်းလေးကို အရှိန်နဲ့ လိမ့်ဆင်းသွားပြီး  မှောက်သွားပါတယ်..  နဂိုကလည်း လမ်းမလျှောက်နိုင်ပါဘူး..  အခုလည်း သူ့မှာ ဒဏ်ရာ ရထားပါတယ်.. သူ့ကိုယ်က သိပ်လေးတော့ ၀ီးချဲပေါ် ပြန်တင်ဖို့ ကျွန်တော် မနိုင်ဘူး ပြီးတော့လဲ ဒီနေရာကို ရောက်အောင်ဝီးချဲကို ပြန်တွန်းတက်လာဖို့လည်း မနိုင်ဘူးဖြစ်နေလို့ပါ.. ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့အစ်ကိုကို ၀ီးချဲဆီ ပြန်တင်ပေးပါလား ခင်ဗျာ.. အစ်ကိုကြီးရယ် ကျွန်တော့်ကို ကူညီပါလို့ တောင်းပန်ပါတယ်ဗျာ” 


ငိုရှိုက်ရင်းပြောနေတဲ့ ကလေးရဲ့ အသံနဲ့ တုန်ရီနေတဲ့ ကိုယ်ခန္ဓာလေးက ကျွန်တော့်ရင်ထဲက ကြမ်းရိုင်းနေတဲ့ ဒေါသမုန်တိုင်းတွေကို လွှင့်ပါးသွားစေခဲ့တယ်.. ကျွန်တော်မှားသွားခဲ့ပြီ။ ကျွန်တော့်အမှားအတွက် လည်ပင်းထဲမှာ အလုံးကြီးတစ်လုံးက လာဆို့နေသလို ခံစားရပြီး တံတွေးကိုတောင် ခက်ခက်ခဲခဲ မြိုချလိုက်ရပါတယ်.. ကျွန်တော်ဟာ ကိုယ့်ပစ္စည်း ဆုံးရှုံးခံလိုက်ရတာနဲ့ဘဲ မေးမြန်းစူးစမ်းခြင်းမရှိဘဲ ကလေးတစ်ယောက်ကို အနိုင်ကျင့်မိသလို ဖြစ်သွားခဲ့ရပါပြီ။ စိတ်မကောင်းခြင်း နောင်တရခြင်းတွေနဲ့  ကောင်လေးရဲ့ အစ်ကို လဲကျနေတဲ့နေရာကို သွားရောက်ပြီး သူ့ကို ထူမပေးကာ ၀ီးချဲပေါ် တင်ပေးလိုက်ပါတယ်.. ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနာတရ ပွန်းပဲ့ရာတွေကို တွေ့ရတော့ ကျွန်တော့်ကားထဲမှာ အမြဲပါတတ်တဲ့ ဆေးသေတ္တာလေးကို သွားယူလာပြီး အရက်ပျံနဲ့ဆေးကြောလို့ ဆေးတွေ ထည့်ပးမိပါတယ်.. ပြီးတော့ အားလုံး အိုကေပြီးဆိုတော့မှ ၀ီးချဲကို လမ်းမကြီးပေါ်ရောက်အောင် တွန်းတင်ပေးလိုက်ပါတယ်..


ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောပြီးနောက်မှာ ကောင်လေးနှစ်ယောက်ဟာ ကျွန်တော့်ရှေ့ကနေ ထွက်ခွာသွားကြပါတယ်.. တွန်းလှည်းလေးရဲ့ ဘီးကို သူ့အစ်ကိုက လက်တစ်ဖက်နဲ့ တွန်းပြီး လှည့်နေသလို သူ့ညီငယ်လေးဟာလည်း အနောက်ကနေ တွန်းကူပေးနေရင်း လမ်းမကြီးရဲ့ဘေး တစ်နေရာက သူတို့အိမ်ကလေးရှိရာကို တရွေ့ရွေ့ သွားနေကြတဲ့ ညီအစ်ကို နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ တစ်ဆို့ပြီး ကျန်ခဲ့ပါတယ်.. ကျွန်တော်ဟာ အကောင်းစား ဂျာဂွာကားကြီး စီးနေချိန်မှာ ကိုယ့်ကိုယ်ကိုတောင် ထူမတ်ခြင်းငှာ မစွမ်းသာတဲ့ ၀ီးချဲပေါ်က ကောင်လေးတွေလို မသန်စွမ်းတဲ့သူတွေလဲ ရှိပါသေးလား ဆိုတာ သိလိုက်ရပါတယ်.. ကိုယ့်ကမ္ဘာ ကျဉ်းကျဉ်းလေးမှာဘဲ ကျေနပ်နေတဲ့ ကျွန်တော်ဟာ လူမှုရေး၊ ပရဟိတ ဆိုတာတွေကို စိတ်မ၀င်စားခဲ့မိပါဘူး။ ပြီးတော့လဲ ကိုယ့်ပစ္စည်းထိတာနဲ့ ဒေါသတကြီး မစူးစမ်း အဆင်ခြင်ဘဲ စိတ်မြန်လက်မြန် ကိုယ့်ဒေါသကို ဖောက်ခွဲပစ်ဖို့ ကလေးတစ်ယောက်ကို ကိုယ်ထိ လက်ရောက် ပြုလုပ်ဖို့လဲ ၀န်မလေးတတ်သူ တစ်ယောက် ဖြစ်နေခဲ့တာ သိလိုက်ရပါတယ်.


ကျွန်တော့်ကားရှိရာကို ပြန်လျှောက်လာတဲ့ ခြေလှမ်းတွေဟာ လေးကန်ဖင့်နွဲနေခဲ့တယ်.. ကားဆီကိုရောက်တော့ ကွဲနေတဲ့ ကားမှန်ကို တွေ့လိုက်တော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်.. ဒီကားမှန်ကို ကျွန်တော် ဘယ်တော့မှ အသစ်ပြန်မလဲတော့ပါဘူး… ဒီမှန်ကွဲနေတာလေးကို မြင်တိုင်း ကျွန်တော် ကားကို ဘယ်တော့မှ အမြန်မမောင်းဖို့၊ အရေးတကြီး အကူအညီ လိုအပ်နေတဲ့သူတွေကို မသိလိုက်ဘဲ ကျော်ဖြတ်သွားမိတာမျိုး မဖြစ်အောင် သတိထားနေမိတော့မှာပါ။ ပြီးတော့လဲ ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသကို အလျင်စလို မထွက်တတ်အောင်လဲ ဆင်ခြင်ဖို့ အသိတရားတွေ ရလိုက်ပါတယ်.. ကားမရပ်ပေးလို့ အုတ်ခဲနဲ့ပေါက်ပြီး တားရတဲ့ အကူအညီတောင်းရသူတွေရဲ့ အဖြစ်ကို ကျွန်တော် ကောင်းကောင်းကြီး ခံစား နားလည်နိုင်ခဲ့ပါပြီ။ တကယ်တော့ ချာတိတ်လေးပေါက်လိုက်တဲ့ အုတ်ခဲဟာ ကျွန်တော့်ကားမှန်ကို ထိရုံသာမဟုတ်ဘဲ ကျွန်တော့်ရင်ကိုပါ လာရောက်ထိမှန်တဲ့ အုတ်ခဲတစ်လုံးသာ ဖြစ်ပါတယ်။ ဒီအုတ်ခဲနဲ့အတူ ကျွန်တော် သိလိုက်ရတာက လောကမှာ အကူအညီ လိုအပ်နေသူတွေ အများကြီး ရှိနေတယ် ဆိုတာပါဘဲ။ ဒီလို အကူအညီ လိုအပ်နေသူတွေကို တွေ့ရင် မျက်နှာလွဲပစ်တာမျိုး၊ မသိလိုက် မသိဖာသာ ကျော်သွားတာမျိုး မလုပ်ကြဘဲ တတ်နိုင်သမျှ ကူညီနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ် မဟုတ်ပါလားဗျာ။ 
~~~~~~~~~~~~@@@~~~~~~~~~~~~
ပြီပြီနော် တာ့တာ

About exodus42

0 comments:

Post a Comment