ဂျယ်ရီဆိုတဲ့သူဟာ အရာရာကို အကောင်းမြင်တတ်ပြီး သူတစ်ပါးကိုလည်း ကူညီတတ်တဲ့သူဖြစ်ကာ စိတ်ထားကောင်းတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်.. သူဟာ ပြဿနာတိုင်းကိုလည်း အကောင်းမြင်တဲ့ ရှုဒေါင့်ကနေကြည့်ပြီး ပြောဆို ဖြေရှင်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း သူဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာ ပြိုင်ဘက်ကင်းအောင်တော်တဲ့ မန်နေဂျာကောင်းတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်လက်ခံထားရသူ ဖြစ်နေပါတယ်.. ဆိုင်မှာအလုပ်လုပ်နေတဲ့ သူ့လက်အောက်က ၀န်ထမ်းတွေအားလုံး၊ ကျွန်တော်အပါအ၀င် အားလုံးက ဂျယ်ရီကို ချစ်ခင်လေးစားကြပြီး ဂျယ်ရီ့ညွှန်ကြားမှု၊ အုပ်ချုပ်မှုတွေကို စိတ်ပါလက်ပါ လိုက်နာဆောင်ရွက်တတ်ကြတယ်.. ဘာကြောင့်လဲ? မေးချင်စရာပါ.. တစ်ခြားကြောင့် မဟုတ်ပါဘူး.. ဂျယ်ရီရဲ့ အကောင်းမြင်တတ်တဲ့ စိတ်နေ သဘောထားကြောင့်ပါဘဲ။ ဒီအကောင်းမြင်စိတ်ကြောင့်ဘဲ သူဟာ အခြားသူတွေရဲ့ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတာပါဘဲ။
အလုပ်မှာ တစ်ယောက်ယောက်ဟာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ပြီ၊ စိတ်ဆိုးစရာတစ်ခုခုနဲ့ ဒေါသတကြီးဖြစ်နေပြီ ဆိုရင် ဂျယ်ရီက အကောင်းဘက်ကနေ ကြည့်ပြီး ဘယ်လို သဘောထားသင့်တယ်၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတာကို ဖြောင်းဖြပြောဆို အကြံပေးတတ်ပါတယ်.. သူပေးတဲ့အကြံ၊ သူပြောပြတဲ့ သဘောထား တွေကြောင့်လည်း ပြဿနာဟာ ပြေလည်သွားတတ်သလို ဒေါသတကြီး ဖြစ်နေသူတွေ ဆိုရင်လည်း စိတ်ပြေငြိမ်းအေး သွားတတ်ကြပါတယ်… ဒီလိုအရည်အချင်းတွေ ရှိနေတဲ့ ဂျယ်ရီဟာ ကျွန်တော့အတွက်တော့ စိတ်ဝင်တစား စပ်စုမေးမြန်းချင်စိတ်တွေ ဖြစ်ပေါ်နေမိတော့တာပါဘဲ။ ဒါကြောင့်လည်း တစ်နေ့မှာ အလုပ်အားချိန် ခဏရတုန်း ကျွန်တော်ဟာ ဂျယ်ရီ့ဆီသွားပြီး မေးခွန်းတွေမေးမိပါတယ်။
“ဂျယ်ရီ လူတစ်ယောက်ဟာ အချိန်တိုင်းတော့ အကောင်းမြင်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ ကျွန်တော် နားလည်မိတယ်.. ဒါပေမဲ့ ခင်ဗျားကတော့ ဘယ်အရာမဆို အကောင်းမြင်တတ်လွန်းတယ်ဗျာ… ခင်ဗျား ဘယ်လိုများ ဒီလို အကောင်းမြင်နိုင်အောင် ကြိုးစားသလဲဆိုတာ ကျွန်တော် သိပ်သိချင်ပါတယ်.. ”
ကျွန်တော့်အမေးကို ဂျယ်ရီက “ မနက်ခင်းတိုင်း ကျွန်တော် အိပ်ရာက နိုးတဲ့အချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် မေးပါတယ်.. ဂျယ်ရီ မင်းမှာ ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်.. ကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးမလား၊ မကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးမလားလို့ မေးပြီး ကျွန်တော် ကောင်းတဲ့စိတ်နေစိတ်ထားကို ရွေးချယ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးပါတယ်.. ကျွန်တော့်ဘ၀မှာ မကောင်းတဲ့ အဖြစ်အပျက် ပြဿနာ တစ်ခုခုနဲ့ကြုံတွေ့ရတိုင်း အဲဒီပြဿနာရဲ့ ဖိစီးနှိပ်စက်မှု၊ ဒုက္ခပေးမှုကို ခံယူပြီး စိတ်ဆင်းရဲနေမလားး၊ အဲဒီပြဿနာကို ပြေလည်အောင်ဖြေရှင်းဖို့ အကောင်းဘက်ကနေ ရှုမြင်ပြီး ဖြေရှင်းမလား ဒီလိုမေးပြီး အဲဒီ လမ်းနှစ်သွယ်ထဲကမှ ကျွန်တော်က အကောင်းဘက်ကနေကြည့်ပြီး ဖြေရှင်းနိုင်အောင် ပြေလည်အောင် ကြိုးစားပါတယ်.. ကျွန်တော့်လိုဘဲ တစ်ခြားသူတွေကို ကိစ္စတစ်ရပ်ကို လမ်းနှစ်သွယ်ရှိကြောင်း ပြောပြပြီး ဘယ်လမ်းက ကောင်းတယ်၊ ဘယ်လမ်းကို ရွေးချယ်သင့်တယ်ဆိုတာ သူတို့သိလာအောင် ပြောဆို လမ်းကြောင်းပေးပါတယ်.. ”
“ခင်ဗျားပြောတာ မှန်ပါတယ် ဂျယ်ရီ.. ဒါပေမဲ့ တကယ်တော့ အရာရာတိုင်းကို အကောင်းမြင်နိုင်ဖို့ လိုက်လုပ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်လှဘူးနော်. ” ကျွန်တော်က ထပ်ပြီး အထွန့်တက်လိုက်ပါတယ်..
“ဟုတ်ပါတယ်.. မလွယ်ဘူးဆိုတာ ကျွန်တော် လက်ခံပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့တွေ ကြုံတွေ့နေရတဲ့ ပြဿနာတိုင်းမှာ ဘယ်လိုရှုမြင်သုံးသပ်မလဲ ဆိုတာ ရွေးချယ်စရာရှိပါတယ်.. ကောင်းတဲ့စိတ်နဲ့ ရှုမြင်သုံးသပ်မလား၊ မကောင်းတဲ့စိတ်နဲ့ သုံးသပ်မလား.. သင်ဘာကို ရွေးရွေး၊ သင်ပြန်ရလာမဲ့ ရလဒ်ကတော့ သင်ရွေးချယ်တဲ့အတိုင်း ဖြစ်မှာပါဘဲ… ကောင်းတဲ့စိတ်နဲ့ အရာရာကို ကြည့်နိုင်လာရင် သင့်မှာ ပူပင်သောကနည်းပြီး စိတ်ချမ်းသာရမယ်.. မကောင်းတဲ့စိတ်နဲ့ ရှုမြင်သုံးသပ်ရင် သင့်စိတ်ဟာ ပူလောင်ဆင်းရဲနေမှာ သေချာပါတယ်.. နောက်ဆုံးတော့ သင်ရွေးချယ်တဲ့လမ်းဟာ သင်ရဲ့ ဘ၀နေနည်း ဖြစ်ပါတယ်.. ”
ဂျယ်ရီရဲ့ စကားက ကျွန်တော့်ရဲ့ စိတ်တံခါးတွေကို ပွင့်သွားစေသလိုပါဘဲ.. လင်းခနဲ ခံစားလိုက်ရတယ်.. သူပြောတဲ့ ရွေးချယ်ပုံကို ကျွန်တော်ကိုယ်တိုင်လည်း သဘောကျ လက်ခံမိပါတယ်.. ဂျယ်ရီ့ကို ကျေးဇူးတင်စကားပြောပြီး သူ့ကိုနှုတ်ဆက်လို့ လုပ်ငန်းခွင်ကို ပြန်ဝင်လာခဲ့ပေမဲ့ သူပြောလိုက်တဲ့ စကားတွေက ကျွန်တော့်နားထဲ ကြားယောင်နေမိတုန်းပါဘဲ။
ဒီလိုနဲ့ မကြာခင်မှာ စားသောက်ဆိုင်ဝန်ထမ်း ဘ၀ကနေ ကျွန်တော် အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုခုကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်… ကိုယ်ပိုင်အလုပ်လုပ်ဖြစ်တော့ ဂျယ်ရီနဲ့လည်း အတွေ့နည်းသွားခဲ့ပေမဲ့ ကျွန်တော် သူ့ကို မကြာခဏ သတိရနေမိပါတယ်.. အထူးသဖြင့်တော့ ကျွန်တော့်ဘ၀မှာ ရွေးချယ်စရာတွေနဲ့ ကြုံတွေ့လာတဲ့ အခြေအနေမျိုးမှာ ပိုပြီး သတိရတတ်ပါတယ်.. ဂျယ်ရီပြောခဲ့တဲ့ စကားတွေကြောင့်လည်း ကျွန်တော်ဟာ အချို့သော စိတ်ပျက်ဖွယ် အခြေအနေတွေကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး နေထိုင်တတ်လာပါတယ်. ဖြေရှင်းတတ်လာတယ်.. ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဘ၀လမ်းကြောင်းတွေမှာ ဘယ်လမ်းကို ရွေးသင့်တယ်ဆိုတာ စဉ်းစားတတ်ခဲ့ပါတယ်။
ဂျယ်ရီနဲ့မတွေ့တာ နှစ်အတော်လေး ကြာပြီးနောက်မှ မထင်မှတ်ဘဲ ဂျယ်ရီ့အကြောင်း ကျွန်တော်ကြားလိုက်ရပါတယ်.. တစ်ခုသောရက်ရဲ့ မနက်စောစောမှာ ဂျယ်ရီဟာ ထုံးစံအတိုင်း စားသောက်ဆိုင်ကို ကြည့်ရှုကွပ်ကဲဖို့ ဘယ်သူမှ မရောက်ခင် အရင်ဆုံးရောက်တတ်တဲ့ အကျင့်အတိုင်း နောက်ဖေးတံခါးကနေ ဆိုင်အတွင်းကို သော့ဖွင့် ၀င်ရောက်သွားခဲ့ပါတယ်.. တံခါးကိုတော့ အခြားဝန်ထမ်းတွေ ၀င်လာနိုင်ဖို့ ဖွင့်ထားခဲ့ပါတယ်.. ဆိုင်ထဲမှာ ရောက်သွားပြီးတဲ့နောက် သူဖွင့်ထားခဲ့တဲ့ နောက်ဖေးတံခါးကနေ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ ဓားပြသုံးယောက်ဟာ တိတ်တဆိတ် ၀င်ရောက်လာခဲ့ပါတယ်.. ဓားပြတွေဟာ မီးခံသေတ္တာကို ဖွင့်ဖို့ ကြိုးစားနေတုန်း ဂျယ်ရီက အပေါ်ထပ်က ဆင်းအလာ ဓားပြတွေကို အတွေ့မှာ ရုတ်တရက် ထိတ်လန့်ပြီး သူ့လက်ထဲက ကိုင်လာတဲ့ ပစ္စည်းတွေ ပြုတ်ကျသွားတော့ ဓါးပြတွေလဲ လန့်ဖြတ်ပြီး သူ့ကို သေနတ်နဲ့ပစ်ချလိုက်ကာ ထွက်ပြေးသွားခဲ့ကြတယ်တဲ့။ အဲဒီမှာ ဂျယ်ရီဟာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်.. ဒါပေမဲ့ ကံကောင်းစွာနဲ့ အခြားသူတွေရဲ့ ကူညီမှုနဲ့ သူ့ကို ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ပေးခဲ့ကြပါတယ်။
၁၈နာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး သီတင်းပတ်ပေါင်းများစွာ ဆရာဝန်တွေရဲ့ စောင့်ရှောက် ကုသမှု ခံယူရပြီးတဲ့နောက် ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်.. သူဆေးရုံကဆင်းပြီး ၆လလောက်ကြာမှ အဲဒီသတင်းကို ကြားပြီး ကျွန်တော် ဂျယ်ရီ့ဆီ ရောက်သွားခဲ့ပါတယ်.. ဂျယ်ရီ့ကိုတွေ့တော့ ဘယ်လိုနေလဲ.. နေလို့ကောင်းရဲ့လား” ဆိုပြီး နှုတ်ဆက်စကား စပြောတော့ ဂျယ်ရီက ပြုးပြုံးရယ်ရယ်နဲ့ ကျွန်တော့်ကို နေကောင်းကြောင်း တုံ့ပြန်ပြီး သူရဲ့ အမာရွတ်ကို ကြည့်မလား လို့ မေးပါတယ်.. ကျွန်တော်က မကြည့်တော့ပါဘူးလို့ ပြန်ပြောလိုက်ပေမဲ့ အဲဒီ ဓားပြတွေကို တွေ့တဲ့အချိန်မှာ စိတ်ထဲ ဘယ်လိုခံစားရသလဲလို့ ထူးထူးဆန်းဆန်း မေးမိပါတယ်။ ဂျယ်ရီ ကျွန်တော့်ကို ပြန်ပြောတာက “အဲဒီအချိန်မှာ ကျွန်တော့်အတွေးထဲဝင်လာတာက ကျွန်တော်ဟာ နောက်ဖေးတံခါးကို ပိတ်ခဲ့ဖို့သင့်တယ် ဆိုတာရယ် ပြီးတော့ ကျွန်တော် သေနတ်ပစ်ခံရပြီး ကြမ်းပြင်ပေါ်လှဲကျနေချိန် ကျွန်တော် တွေးမိတာက ငါ့မှာ ရွေးစရာ လမ်းနှစ်ခု ရှိတယ်.. ငါ် သေချင်သလား ဆက်ပြီး အသက်ရှင်ချင်သေးသလား ဆိုတာကိုပါဘဲ။ ဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြောမိတယ်.. ငါမသေချင်သေးဘူး ငါအသက်ရှင်ချင်သေးတယ် လို့ ကျွန်တော့်စိတ်ထဲကနေ ထပ်ခါထပ်ခါ ပြောနေမိတယ်..” လို့ ဂျယ်ရီက ကျွန်တော့်ကို ရှင်းပြနေပါတယ်။
“ခင်ဗျား အဲဒီအချိန်လေးမှာ ကြောက်တဲ့စိတ်တွေ မဖြစ်မိဘူးလား… ပြီးတော့ ခင်ဗျား ဒီလောက်ဒဏ်ရာပြင်းတာ သတိမေ့မသွားခဲ့ဘူးလားဗျာ” ကျွန်တော်သူ့ကို မေးလိုက်မိပြန်ပါတယ်..
“ကျွန်တော် အဲဒီအချိန်တွေမှာ သတိ မရတစ်ချက် ရတစ်ချက် ဖြစ်နေခဲ့တာပါ။ ကျွန်တော့်မိတ်ဆွေတွေဟာ ကျွန်တော့်ကို ဆေးရုံပို့တော့ ဘေးကနေ တောက်လျှောက် အားပေးလာကြတယ်.. အဲဒီအသံတွေလည်း ကျွန်တော် နားထဲမှာ ကြားလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့တယ်.. ဒါပေမဲ့ ဆေးရုံထဲရောက်လို့ အရေးပေါ်အခန်းထဲကို တွန်းဝင်သွားကြတဲ့အချိန်မှာ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ မျက်နှာပေါ်က အရိပ်အယောင်တွေကို ကျွန်တော် လှမ်းမြင်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော် အရမ်းကို ကြောက်ရွံ့သွားခဲ့မိတယ်.. .. ခင်ဗျားသိလား.. ကျွန်တော် သူတို့ မျက်နှာပေါ်မှာ တွေ့လိုက်တာက ကျွန်တော့်ကို သေလူ တစ်ယောက်အနေနဲ့ သဘောထားနေကြပြီ ဆိုတာပါဘဲ.. ကျွန်တော်ရလိုက်တဲ့ ဒဏ်ရာက သိပ်ပြင်းထန်လွန်းတော့ ကျွန်တော်အသက်ရှင်မယ်လို့ သူတို့က မထင်တော့ဘူးလေ… ”
“ခင်ဗျား ဘယ်လိုလုပ်ခဲ့သလဲ” ကျွန်တော် စိတ်ဝင်တစား မေးလိုက်မိပါတယ်။
“ဒီတော့ ကျွန်တော် အသက်ရှင်ချင်စိတ် ရှိသေးတယ်၊ ကျွန်တော် သတိရှိနေသေးတယ်ဆိုတာ သူတို့သိအောင် လုပ်ရတော့မယ်လို့ ကျွန်တော် တွေးလိုက်မိတယ်.. အဲဒီအချိန်မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို ကျွန်တော်နဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခုများ ရှိသလားလို့ အသံကျယ်ကျယ်နဲ့ အော်မေးပါတယ်.. ကျွန်တော် တုံ့ပြန်မှုရှိမရှိကို ဆရာဝန်တွေရော၊ သူနာပြုတွေပါ စောင့်ကြည့်နေခဲ့ကြပုံရပါတယ်.. ကျွန်တော် တစ်ခုခု တုံ့ပြန်မှ ဖြစ်မယ်ဆိုတာ သဘောပေါက်တယ်.. အားလုံးက ကျွန်တော်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေကြတယ်လို့ ကျွန်တော်စိတ်ထဲက ထင်နေတယ်လေ.. အဲဒီအချိန်မှာ ကျွန်တော့်အနေအထားကလည်း တစ်ခုခု တုံ့ပြန်ဖို့မပြောနဲ့ ကျွန်တော့်မှာ အသိအာရုံက လွတ်ထွက်သွားတော့မတတ်တောင် ဖြစ်နေခဲ့တယ်.. ဒါပေမဲ့ ကျွန်တော် အတွေးထဲ ရောက်လာတာက ငါ ဆက်ပြီး အသက်ရှင်မလား၊ အသေခံလိုက်တော့မလား ဆိုတာပါဘဲ… ကျွန်တော် မသေချင်သေးဘူးလေ.. အသက်ရှင်ချင်သေးတယ်.. ကျွန်တော် အသက်ရှင်ကို ရှင်ရဦးမယ်.. ဒီလို အတွေးနဲ့ ကျွန်တော်ဟာ ရှိသမျှအားကို ညှစ်ထုတ်လိုက်ပြီး “ရှိတယ်.. ကျည်ဆန် ” လို့ ကျုံးအော်ပစ်လိုက်ပါတယ်..”
“ကျွန်တော့်စိတ်ထဲမှာလည်း ဒီတစ်ကြိမ်မှာလည်း ရွေးစရာ လမ်း၂ခုထဲက အသက်ရှင်ဖို့လမ်းကို ငါရွေးမယ်.. ငါ့ကို မင်းတို့ ခွဲစိတ်ကုသရမယ်.. ငါမှ မသေသေးတာ.. ငါအသက်ရှင်ရဦးမယ်လို့ ဆက်ခါဆက်ခါ ပြောနေခဲ့ပါတယ်.. ဒါနဲ့ဘဲ ဆရာဝန်တွေရဲ့ ကျွမ်းကျင်စွာ ခွဲစိတ်ကုသမှုနဲ့ ကျွန်တော် အသက်ပြန်ရှင်လာခဲ့ပါတယ်.. ကျွန်တော့်ကို ကုသပေးလိုက်တဲ့ ဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုက တကယ်ကို အံ့သြစရာပါဗျာ.. တကယ့်ကို ကျေးဇူးတင်စရာပါ။ သူတို့ရဲ့ ကုသမှုကြောင့် ကျွန်တော် အသက်ပြန်ရှင်လာရသလို ကျွန်တော့်ရဲ့ မသေချင်သေးတဲ့ စိတ်အင်အားကြီးမားမှုကလည်း ကျွန်တော်အသက်ပြန်ရှင်လာအောင် တွန်းအားပေးလိုက်တဲ့ အရာဘဲ ဖြစ်ပါတယ်.. ” လို့ ပြောပြီး ဂျယ်ရီက သူ့အဖြစ်အပျက် အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။
ဟုတ်ပါတယ်.. ဆရာဝန်တွေရဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ကုသမှုအပြင် ဂျယ်ရီရဲ့ အသက်ရှင်သန်ဖို့ကို လိုလားတဲ့ စိတ်အားထက်သန်မှု၊ သူရဲ့ ရွေးချယ်မှုကသာ သူ့အသက်ကို ကယ်လိုက်တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို နားလည် သဘောပေါက်လိုက်မိတာပါဘဲဗျာ။ လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုဟာ သေခြင်းတရားကိုတောင် ကျော်လွန်သွားနိုင်ခဲ့တယ်ဆိုတာ အံ့သြစရာဘဲ မဟုတ်ပါလား။ ကျွန်တော်တို့ရဲ့ဘ၀မှာ ကြုံလာတဲ့ အခြေအနေတွေမှာ ရွေးချယ်စရာတွေ ရှိနေပါတယ်.. ဘယ်လမ်းကို ရွေးမလဲ။ သင်ဘယ်လို ရှင်သန်နေထိုင်မလဲ… အကောင်းမြင်စိတ်နဲ့လား၊ အဆိုးမြင်စိတ်နဲ့လား… သင်ရွေးချယ်တဲ့အတိုင်း၊ သင့်သဘောထား အတိုင်း သင်နေထိုင်တဲ့ဘ၀မှာ အကျိုးသက်ရောက်မှု ရှိနေမှာဘဲ ဖြစ်ပါတယ်။
WE HAVE TWO CHOICES ( UNKNOWN AUTHOR) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။
စိတ်အင်အားဖြင့် အရာရာကို အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ...
0 comments:
Post a Comment