မထင်မှတ်တဲ့ အကြင်နာ .....


ကက်သရင်းနဲ့ ကျွန်မဟာ အလွန်ချစ်ခင်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်.. ငယ်စဉ်ကတည်းက တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ကူညီလို့ တစ်ယောက်ခံစားချက် တစ်ယောက် ဝေမျှခဲ့ကြသူတွေဖြစ်ပြီး နှစ်ကိုယ့်တစ်စိတ်လို့ ပြောရလောက်အောင် စေးကပ်နွေးထွေးခဲ့ကြတဲ့ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်…. ဒါပေမဲ့ ကက်သရင်းဟာ အိမ်ထောင်ရေး ကံမကောင်းရှာပါဘူး… ပြီးခဲ့တဲ့ ၃နှစ်လောက်က သူ့အိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် ဒီမြို့မှာ ဆက်မနေချင်လောက်အောင် စိတ်ထိခိုက်သွားတဲ့ ကက်သရင်းဟာ အခြားပြည်နယ်တစ်ခုကို ပြောင်းရွေ့သွားခဲ့ပါတယ်..  ဘယ်လောက်ဘဲ ဝေးကွာသွားကြပေမဲ့ ကျွန်မတို့နှစ်ယောက်ဟာ အဆက်အသွယ် မပြတ်ကြဘဲ စာတွေ၊ ပိုစ့်စကဒ်တွေ အမြဲတမ်း ပို့နေခဲ့ကြသလို တစ်ပတ်တစ်ခါ တယ်လီဖုန်း အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။


စနေနေ့ ညနေခင်းတစ်ခုမှာတော့ ကက်သရင်းဆီက ခေါ်လာတဲ့ဖုန်းဟာ သတင်းဆိုးတစ်ခုကို ယူဆောင်လို့ လာခဲ့ပါတယ်.. ဖုန်းသံမြည်လာလို့ ကျွန်မ ကောက်ကိုင်လိုက်တယ် ဆိုရင်ဘဲ ခါတိုင်းနဲ့မတူ တုန်လှုပ်ခြောက်ခြားနေတဲ့ အသံနဲ့ ကက်သရင်းက ကျွန်မကို နှုတ်ဆက်ပါတယ်.. အသံကို နားထောင်ပြီး ကက်သရင်း တစ်ခုခုဖြစ်နေမှန်း သိလိုက်တာမို့ “ကက်သရင်း တစ်ခုခုဖြစ်နေသလား… နေကောင်းရဲ့လား.. ဘာတွေဖြစ်နေလဲ” လို့ ကျွန်မက အလျင်စလို မေးလိုက်မိတော့ ကက်သရင်းဟာ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပါတယ်..  ပြီးတော့မှ “ ငါ… ငါ့ ရင်ဘတ်မှာ အကျိတ်တစ်ခု တွေ့လို့…”  ဆိုတဲ့ စကားကို အတော်အားယူလိုက်တဲ့ လေသံနဲ့ တုန်ရီစွာ ပြောလိုက်ပါတယ်… သူ့စကားလည်း ကြားလိုက်ရော ကျွန်မ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး စကားသံ မထွက်နိုင်လောက်အောင်လည်း တဒင်္ဂဆွံ့အ သွားခဲ့ရပါတယ်… ခဏကြာတော့မှာ “ဆရာဝန်နဲ့ စစ်ဆေးကြည့်ပြီးပြီလား..” လို့ ကက်သရင်းကို မေးလိုက်တော့ “ ဆရာဝန်ပြပြီးပြီ..  အကျိတ်ကရတဲ့ အသားစကိုလည်း (Biopsy) စစ်ဆေးပြီးပြီ။ ကင်ဆာကျိတ်လို့ အဖြေထွက်တယ်.. ငါ့ကို အင်္ဂါနေ့မှာ ခွဲစိတ်ဖို့ စီစဉ်ထားတယ်”  ကက်သရင်းက ရှိုက်သံလေးစွက်ပြီး ပြောလာပါတယ်..


သနားဖို့ကာင်းလှတဲ့ ကက်သရင်းပါဘဲ… အိမ်ထောင်ရေးမှာ ကံဆိုးတဲ့အပြင် အခုလည်း ကင်ဆာကျိတ် တွေ့ပြန်ပြီတဲ့… ကျွန်မ ကက်သရင်းကို နှစ်သိမ့်နိုင်ဖို့ ကြိုးစားပါတယ်.. ဒါပေမဲ့ ဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်ရမယ်ဆိုတာ မသိအောင် ဖြစ်နေခဲ့ပြီး ကျွန်မကိုယ်တိုင်လည်း တည်ငြိမ်မှုရဖို့ကို မနည်းကြိုးစားနေခဲ့ ရပါတယ်.. ခုချိန်မှာ ကက်သရင်းဟာ သိပ်ခံစားနေရမယ်၊ တုန်လှုပ်ခြောက်ခြား၊ အားငယ်နေမယ်ဆိုတာ ကျွန်မသိပါတယ်.. သူဟာ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သလို ညီအစ်မအရင်းတွေလို ချစ်ခင်ရသူဆိုရင်လဲ မမှားပါဘူး။ ကိုယ်ခင်မင်တွယ်တာရသူ တစ်ဦးဦးမှာ ကင်ဆာဖြစ်နေပြီ ဆိုတဲ့အသိဟာ ဘယ်လောက်တောင် ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ဖို့တောင် ခက်ခဲလွန်းပါတယ်.. ကျွန်မတို့ နှစ်ယောက်လုံး သူ့ရဲ့ ကင်ဆာအကြောင်းကို ဆက်မပြောဖြစ်တော့ဘဲ ဘာမှမဖြစ်သလိုနဲ့ တစ်ခြား အကြောင်းအရာတွေကိုသာ ဆက်ပြီးပြောနေခဲ့ပါတယ်.. ကျွန်မလဲ ကက်သရင်းစိတ်ပျော်ရွှင်မဲ့ အကြောင်းအရာမျိုးလေးတွေကို ရွေးပြီး ဂရုစိုက် ပြောဆိုနေခဲ့ပေမဲ့ ရင်ထဲမှာတော့ ပူလောင်လို့နေပါတယ်.. အတန်ကြာဖုန်းပြောပြီး ကက်သရင်းက နှုတ်ဆက်ကာ ဖုန်းချသွားခဲ့ပါတယ်..


သေခြင်းတရားနဲ့ အနီးဆုံးလို့ ပြောရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကင်ဆာဟာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ကက်သရင်းကို ထိုးနှက်နေပါပြီ။ ကျွန်မရဲ့ အချစ်ဆုံး မိခင်ဟာလည်း ကင်ဆာနဲ့ဘဲ လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျွန်မတို့ကို ခွဲခွာသွားခဲ့တာ ဖြစ်ပါတယ်.. ကက်သရင်း ဘယ်လောက်များ ကြောက်လန့်၊ ခံစားနေရရှာမလဲ။ အိမ်ထောင်ကွဲပြီး သားသမီးလည်း မကျန်ခဲ့တဲ့ ကက်သရင်းဟာ ခွဲစိတ်မဲ့အချိန်မှာ သူ့ဘေးမှာ အရင်းနှီးဆုံးသူဆိုတာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး… အဲဒီချိန်မှာ သူဘယ်လောက်များ အားငယ်နေမလဲဆိုတာ မှန်းဆကြည့်လို့ ရပါတယ်.. ကက်သရင်းဟာ ကျွန်မကို လာစေချင်တယ်လို့ တစ်ခွန်းမှ ပြောမသွားခဲ့သလို ကျွန်မကလည်း လာခဲ့မယ်လို့ တစ်ခွန်းမှ ပြန်မပြောဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ ကက်သရင်းကျွန်မကို လာစေချင်မှန်း ကျွန်မရင်ထဲက သိနေခဲ့သလို ကျွန်မ မဖြစ်ဖြစ်အောင် သူ့ဆီ ရောက်လာလိမ့်မယ်ဆိုတာ ကက်သရင်း သိနေမယ်လို့ ကျွန်မခံစားမိပါတယ်.. ပြီးတော့ ကျွန်မလည်း အဲဒီချိန်လေးမှာ သူ့ဘေးနားမှာ ရှိနေချင်ပါတယ်.. သူဟာလည်း ကျွန်မကို လိုအပ်နေမှာ သေချာပါတယ်..   ဒါကြောင့် ကက်သရင်းအကြောင်း ကျွန်မခင်ပွန်းကို ပြောပြလိုက်ပြီး ခွဲစိတ်မှု ခံယူမဲ့နေ့မှာ သူ့ဆီကို သွားချင်တဲ့အကြောင်း ခွင့်တောင်းပါတယ်.. နားလည်ပြည့်ဝတဲ့ ကျွန်မရဲ့ အမျိုးသားဟာလည်း အင်္ဂါနေ့မနက်ခင်းထွက်မဲ့ လေယာဉ်အတွက် ချက်ခြင်းဘဲ လက်မှတ် ဘွတ်ကင်လုပ်ပေးပါတယ်..


နှစ်ရက်လုံးလုံး စိတ်နဲ့ကိုယ် မကပ်မိအောင် ဖြစ်နေခဲ့ရကာ ကက်သရင်းအတွက် တစ်ချိန်လုံး စိတ်သောက ရောက်နေခဲ့မိပါတယ်.. ဒီရက်အတွင်း လုပ်စရာရှိတဲ့အလုပ်တွေကို ပြီးပြတ်အောင် ကြိုစားလုပ်ခဲ့ပြီး အင်္ဂါနေ့မနက်ခင်းမှာ လေဆိပ်ကို ကျွန်မရဲ့ အမျိုးသားက လိုက်ပို့ပါတယ်.. အ၀တ်အစားအိတ်တစ်လုံးနဲ့ ကျွန်မကို လေဆိပ်မှာထားခဲ့ပြီး သူ့အလုပ်ကို ထွက်ခွာသွားခဲ့ပါတယ်.. လေဆိပ်ရောက်တဲ့ အချိန်မှာတော့ ကက်သရင်းရှိတဲ့မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ရောင်းတဲ့ ကောင်တာမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို တွေ့လိုက်ရပါတော့တယ်.. ကျွန်မအလှည့် ရောက်ဖို့ကိုဘဲ မိနစ် ၂၀ကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပါတယ်.. ကောင်တာရှေ့ရောက်တော့ ကျွန်မရဲ့ မှတ်ပုံတင်ကဒ်ပြားကို ကောင်တာက အမျိုးသမီးလေးကို လှမ်းပေးလိုက်ပြီး လက်မှတ်မှာထားကြောင်း ပြောပြတော့ ကွန်ပျူတာကို ခဏလောက် စစ်ဆေးပြီးတာနဲ့ အမျိုးသမီးလေးက ကျွန်မရဲ့ မှတ်ပုံတင်ကဒ်လေးကို ပြန်ထိုးပေးပြီး “၀မ်းနည်းပါတယ်ရှင်.. ခုလောလောဆယ်ထွက်မဲ့ လေယာဉ်အတွက်တော့ လက်မှတ် မရနိုင်တော့ပါဘူး.. အားလုံးကုန်သွားပြီ ဖြစ်ပါတယ်.. မနက်ဖြန်ထွက်မဲ့ လေယာဉ်ဆိုရင်တော့ လက်မှတ်ရဖို့ စီစဉ်ပေးနိုင်ပါတယ် ” လို့ ပြောလာပါတယ်..


“ ဒါ.. ဒါပေမဲ့ ကျွန်မ ကြိုတင်မှာထားခဲ့တာ လွန်ခဲ့တဲ့ ၂ရက်ကတည်းပါ။ ဒီနေ့လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာမို့ပါ။ ဒီခရီးဟာ ကျွန်မအတွက် အပျော်သွားမဲ့ခရီး မဟုတ်ပါဘူး…. ကျွန်မအတွက် အရေးကြီးပါတယ်..  ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ မကြာခင် ခွဲစိတ်ခန်းဝင်ရတော့မှာပါ.. သူ ကျွန်မကို လိုအပ်နေလိမ့်မယ်.. ကျွန်မလဲ သူ့ဘေးမှာ ရှိနေဖို့ လိုအပ်တယ်… ဒါကြောင့် ဒီနေ့လေယာဉ်ကို ဖြစ်အောင် စီစဉ်ပေးပါ”  လက်မှတ်ရောင်းသူ အမျိုးသမီးလေးကို အငမ်းမရ ဗလုံးဗထွေးနဲ့ ထစ်ငေါ့စွာ ပြောနေမိပါတယ်.. “ ၀မ်းနည်းပါတယ်ရှင် .. အားလုံးဟာ သူ့ကိစ္စနဲ့သူ အရေးကြီးနေကြတာ ကြီးပါဘဲ… လက်မှတ်ရဖို့ ဒီလိုဘဲ အကြောင်းပြကြမှာပါဘဲ။ အစ်မက လက်မှတ်ကို မှာရုံမှာထားပြီး လာမဖြတ်ထားတဲ့အတွက် ဒီမနက်ဘဲ ရောင်းလိုက်ပါပြီ.. ခုတော့ လက်မှတ်က ဘယ်လိုမှ မရှိတော့တဲ့အတွက် ခုထွက်မဲ့လယာဉ်နဲ့ လိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး… မနက်ဖြန်ထွက်မဲ့ လေယာဉ်အတွက်ဆိုရင် လက်မှတ်ရပါမယ်..” ကျွန်မလဲ ဘယ်လိုမှ အချိန်ဆိုင်းဖို့ မဖြစ်နိုင်တဲ့အတွက် ညွှတ်နူးစွာတောင်းပန်ဖို့ လေသံကို အတတ်နိုင်ဆုံး လျှော့ချပြီး  “ညီမရယ်.. တကယ်ကို အရေးကြီးလို့ပါ .. အစ်မအတွက် မသွားမဖြစ် ခရီးမို့ပါကွယ်.. ဒီနေ့ထွက်မဲ့ လေယာဉ်အတွက်ဘဲ အတတ်နိုင်ဆုံး ကူညီပါ ညီမရယ်” လို့ ပြောလိုက်ပေမဲ့ “ ဘယ်လိုမှ မတတ်နိုင်လို့ပါအစ်မ.. မနက်ဖြန်မှဘဲ ရပါမယ်.. တစ်ရက်တော့စောင့်ပါ”    ကောင်မလေးက ပုခုံးလေးကို တွန့်ကာ ပြန်ပြောလိုက်ပြီး ကျွန်မကို အရေးမစိုက်တော့ဘဲ နောက်တစ်ယောက် လို့ အော်လိုက်ပါတော့တယ်..


ကောင်တာကနေ နှေးကွေးလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာလာပြီးတဲ့နာက်မှာ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်မိကာ နီးရာခုံလွတ်တစ်ခုမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိပါတော့တယ် မျှော်လင့်မထားတဲ့ အခက်အခဲကြောင့် စိတ်တွေထိခိုက်လွန်းရပြီး ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ စီးကျလာပါတော့တယ်.. ပိုက်ဆံအိတ်လေးထဲက တစ်ရှူးစကို ထုတ်လိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို အသာတို့ သုတ်လိုက်ချိန်မှာတော့ လေဆိပ်အသံချဲ့စက်ကနေ မကြာခင်မှာ လေယာဉ်ထွက်ခွာတော့မဲ့အကြောင်း ကြေငြာသံ ထွက်လာပါတယ်..  လူတစ်ချို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လေယာဉ်ရှိရာကို သွားကြဖို့ ပစ္စည်းတွေ အဆင်သင့် ပြင်ဆင်နေတာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ နာနာကျင်ကျင် ခံစားရပြီး အလုံးကြီးတစ်ခုကလည်း ရင်ဘတ်ထဲမှာ ဆောင့်တက်လာခဲ့သလို  ၀မ်းဗိုက်တစ်ခုလုံးပါ နာကျင်စွာ ခံစားနေရပါတယ်.. မျက်ရည်တွေက အဆင်မပြတ် ပါးပြင်ပေါ် ပြန်လည် စီးကျလာပြန်ပါတယ်.. ကက်သရင်း ကျွန်မကို စောင့်နေရှာတော့မှာဘဲ… ကျွန်မ အချိန်မှီ ရောက်မသွားခဲ့ရင် သူဘယ်လောက် ၀မ်းနည်း အားငယ်နေမှာပါလိမ့်…  ဒါပေမ့် ကျွန်မ သူ့ဆီ ဒီနေ့တော့ မရောက်နိုင်တော့ဘူး.... စိတ်ထိခိုက်စွာ တွေးမိရင်း စီးလာတဲ့ မျက်ရည်တွေကို သုတ်ဖို့ မကြိုးစားတော့ဘဲ သက်ပြင်းကို လေးကန်စွာ ချလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ အောက်မှာ ချထားတဲ့ ကျွန်မရဲ့ အ၀တ်အစားအိတ်ကို ငုံ့ကာ ကောက်ယူလိုက်ပါတော့တယ်..


“အန်တီ တစ်ခုလောက် ကူညီပါရစေလား” .. နူးညံ့တဲ့ အသံလေးတစ်ခုကို ကြားလိုက်ရတာကြောင့် ခေါင်းကို ပြန်မော့ပြီး ကြည့်လိုက်တော့ အပြာရောင်မျက်ဝန်းတစ်စုံနဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးက ကျွန်မကို ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်.. လေဆိပ်ရဲ့ မှန်ပြူတင်းတွေကို ဖြတ်သန်းပြီး ၀င်ရောက်လာတဲ့ နံနက်ခင်း နေခြည်နုနုလေးတွေက အမျိုးသမီးကြီးရဲ့ ဆင်စွယ်ရောင် အသားအရေကို ပိုမိုဝင်းလက် တောက်ပနေစေခဲ့ကာ ငွေမှင်ရောင်သန်းနေတဲ့ ခေါင်းပေါ်က ဆံပင်တွေကလည်း သူမရဲ့ သွယ်လျကျက်သရေရှိတဲ့ မျက်နှာကို အနားသတ်ထားသလို ရှိနေခဲ့ပါတယ်.. အသက်ကြီးနေပေမဲ့လို့ ရင့်ကျက် အိနြေ္ဒတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာပြင်က ခန့်ထည်စွာ ကြည့်ကောင်းနေဆဲပါ။ ကျွန်မက မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း နားမလည်နိုင်စွာနဲ့ “ဘယ်လိုများ ကူညီမလို့ပါလဲ”  လို့ ပြန်မေးလိုက်တော့ “သမီး လက်မှတ်ကောင်တာမှာ အခြေအတင် စကားပြောနေတာ အန်တီကြားရပါတယ်.. ခွဲစိတ်ခန်းဝင်မဲ့ လူနာအတွက်လည်း အန်တီ ကိုယ်ချင်းစာမိပါတယ်.. ဒီတော့ အန်တီက ခုံနံပါတ် 7B မှာ နေရာရထားပြီးသားပါ.. သမီး အန်တီလက်မှတ်ကို ယူပြီး ဒီလေယာဉ်နဲ့ လိုက်သွားမယ်ဆိုရင် အန်တီ ၀မ်းသာမိမှာပါကွယ်..” သူမက လေယာဉ်လက်မှတ်လေးနဲ့ ၀င်ခွင့် ဖြတ်ပိုင်းလေးကို ပြလိုက်ရင်း ကျွန်မကို ပြောလိုက်ပါတယ်..


ရုတ်တရက်တော့ ကျွန်မ ၀မ်းသာစိတ် ဖြစ်မိလိုက်ပေမဲ့ သူ့ဆီက လက်မှတ်ကို ယူဖို့ဆိုတာ စဉ်းစားကြည့်လိုက်တော့ တွေဝေသွားခဲ့ပါတယ်.. ကိုယ့်ကြောင့် သူရဲ့ ခရီးစဉ်နှောင့်နှေးသွားမှာ၊ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့မှာကိုလည်း ကျွန်မ မလိုလားပါဘူး… ဒါကြောင့် “ကျွန်မ အန်တီ့လက်မှတ်ကို မယူပါရစေနဲ့….. ကျွန်မကြောင့် အန်တီ့ခရီး အနှောက်အယှက် မဖြစ်စေချင်ပါဘူး.. အန်တီလဲ ခရီးဆုံးကို စောစောစီးစီး ရောက်ချင်မှာဘဲ မဟုတ်လား”  လို့ ကျွန်မက ပြောလိုက်တော့ သူမက ခပ်ဖွဖွလေး တစ်ချက် ပြုံးလိုက်ပြီး “ အန်တီ့ အိမ်အပြန်ခရီးကို ဘယ်သူကမှ စောင့်မနေပါဘူးကွယ်.. အရေးတကြီး ပြန်စရာအကြောင်းလဲ မရှိပါဘူး.. စောရောက်သည်ဖြစ်စေ.. နောက်ကျမှ ရောက်သည်ဖြစ်စေ အန်တီ့အတွက် ဘာမှ မထူးပါဘူး.. အန်တီက တစ်ယောက်တည်း နေတဲ့သူပါ.. ဒီမြို့မှာ တစ်ရက်လောက် ထပ်နေရလဲ အန်တီ့အတွက်ထူးပြီး စိတ်အနှောက်အယှက် မဖြစ်ပါဘူး.. မသွားဖြစ်တော့ဘူးလို့ ဖုန်းဆက်လိုက်တာနဲ့ အန်တီ့သမီးက လေဆိပ်ကိုရောက်လာပြီး သူ့အိမ်ကို ပြန်ကြိုသွားမှာပါ.. အန်တီရဲ့ မြေးကလေးတွေကိုတောင် အံ့သြအောင် လုပ်လို့ရပါသေးတယ်.. သမီး စိတ်ဖြောင့်ဖြောင့်နဲ့ အန်တီ့နေရာကို ယူပြီး သွားလိုက်ပါ.. သမီး သူငယ်ချင်း လူနာအတွက် အရေးကြီးပါတယ်.. ”


“ ခုလို ကူညီတာ သိပ်ကျေးဇူးတင်ပါတယ် အန်တီ… ဒါပေမဲ့ အန်တီနဲ့ ကျွန်မတို့ နောက်ကို ပြန်မတွေ့ဖြစ်ကြရင် အန်တီ့ကို အပြန်အလှန်အားဖြင့် အကူအညီတစ်ခုခု ဘယ်လိုမှ ပြန်ပေးနိုင်မှာ မဟုတ်တဲ့အတွက် အန်တီ့ဆီက အကူအညီယူဖို့ဆိုတာ သိပ်ကို အားနာပါတယ်.. ” လို့ ကျွန်မ ခေါင်းမာမာနဲ့ ပြန်ပြောမိတော့ “ သိပ်မစဉ်းစားပါနဲ့ သမီးရယ်.. သမီးသူငယ်ချင်းဆီကို  ဒီနေ့ရောက်အောင် သွားဖို့တာ စဉ်းစားပါ…” သူက ကျွန်မကို သူကိုင်ထားတဲ့ လက်မှတ်ကို အတင်းထိုးပေးပြီး တိုက်တွန်းပါတယ်.. ကျွန်မလဲ သူ့ရဲ့ ရက်ရောတဲ့ အကူအညီကို လက်ခံယူဖို့ ဆုံးဖြတ်လိုက်ပြီး နှစ်ယောက်သား လက်မှတ်ရောင်းတဲ့ ကောင်တာကို ထွက်လာကြကာ သူ့ခုံနေရာနဲ့ ကျွန်မ လိုက်ခွင့်ရဖို့အတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ကြရာ အချိန်အနည်းငယ် အတွင်းမှာဘဲ အားလုံး ပြေလည်သွားပါတော့တယ်.. ဒီနေ့တော့ ကက်သရင်းဆီ မရောက်နိုင်တော့ဘူးလို့ ထင်ထားကာမှ ဘယ်လိုမှ မမျှော်လင့်တဲ့ သူတစ်ယောက်ရဲ့ ကြင်နာမှုကြောင့် ကျွန်မ ဒီလေယာဉ်နဲ့ လိုက်ခွင့်ရလိုက်ပါပြီ။


လေယာဉ်ဆီ ထွက်ခွာဖို့ အဆင်သင့်ဖြစ်ချိန်မှာ ကျွန်မဟာ အင်မတန် ရက်ရော သဘောကောင်းလှတဲ့ အမျိုးသမီးကြီးရဲ့လက်ကို တင်းတင်းကြပ်ကြပ် ကျေးဇူးတင်စွာ ဆုပ်ကိုင်လိုက်ရင်း မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျေးဇူးတင်စကား အထပ်ထပ် ဆိုနေမိပါတယ်..  သူမကလည်း ကျွန်မရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ပြီး “ တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်ဟာ ခုလို သောကတွေ၊ ပူပန်မှုတွေပိုက်ပြီး စိတ်ဆင်းရဲကြီးစွာ ခံစားနေရတာကို တွေ့ကြုံလာခဲ့ရင် အန်တီ့နေရာမှာ သမီးသာဆို ခုလိုဘဲ ပြန်ကူညီမယ်ဆိုတာ အန်တီယုံကြည်ပါတယ်.. ”  ဆိုတဲ့စကားနဲ့အတူ အားပေးပြုံးလေး တစ်ချက် ပြုံးလိုက်ရင်း ကျွန်မလက်ကို လွှတ်ပေးလိုက်ပါတယ်.. ကျွန်မလဲ သူ့ကို နှုတ်ဆက်စကားဆိုပြီး အ၀တ်အစားအိတ်ကို ကောက်ယူလိုက်ကာ လေယာဉ်ရှိရာကို အပြေးအလွှား ထွက်ခွာလာခဲ့ပါတော့တယ်..




ကက်သရင်းရဲ့ ခွဲစိတ်ကုသမှု အစီအစဉ်ကို အချိန်မှီဘဲ ကျွန်မ ရောက်သွားခဲါပါတယ်.. ကံကောင်း ထောက်မစွာဖြင့် အားလုံးဟာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်..  ခွဲစိတ်ကုသမှုလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သလို ဆရာဝန်ကြီးကလည်း ကက်သရင်းရဲ့ ကင်ဆာဖြစ်ခါစ အကျိတ်နဲ့ အသားစအားလုံးကို ဖယ်ရှားပြီးကြောင်းနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပြီ ဖြစ်ကြောင်း ရှင်းပြပါတယ်..  လေဆိပ်မှာ ကျွန်မကို ကူညီလိုက်တဲ့ အမျိုးသမီးအကြောင်း ကက်သရင်းကို ပြောပြလိုက်တော့ ကက်သရင်း ကလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါတယ်. ကျွန်မကိုယ်တိုင်လည်း ကြင်နာတတ်တဲ့ အဲဒီအမျိုးသမီးကို မကြာခဏ သတိရနေခဲ့မိပါတယ်.. သူတစ်ပါးကို ကူညီဖို့အတွက် သူ့ရဲ့ အဆင်ပြေ ချောမွေ့မှုတွေကို စွန့်လွှတ်သွားခဲ့တဲ့ အမျိုးသမီးကြီးလို လူမျိုးတွေဟာ လောကကို အလှဆင်နေကြတဲ့ သူတွေထဲမှာ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်.. ကျွန်မကိုယ်တိုင်လည်း အကူအညီ လိုအပ်နေတဲ့သူတွေကို တွေ့လာချိန်မှာ မျက်နှာလွှဲမပစ်ဘဲ တတ်နိုင်တဲ့ အကူအညီကို ပေးနိုင်အောင် ကြိုးစားသွားဖို့ ဆုံးဖြတ်မိပါတယ်.. အဲဒါဟာလည်း ကျွန်မကို ကူညီသွားခဲ့တဲ့ အမျိုးသမီးကြီးကို ပြန်လည် ကျေးဇူးဆပ်ခြင်းဖြစ်သလို လောကကြီးကို အလှဆင်နေတဲ့ သူတွေထဲမှာ တစ်ထောင့် တစ်နေရာက တစ်ယောက်သောသူအဖြစ် ပါဝင်အားဖြည့်ခြင်းလဲ ဖြစ်တယ် မဟုတ်ပါလားရှင်။
~~~~~~~~~~~~@@@~~~~~~~~~~~~




About exodus42

0 comments:

Post a Comment