ဒေါက်တာ မာရီလင်က ကျွန်မတို့ ၀န်ထမ်းတွေကို Staff meeting မှာ မိန့်ခွန်းတစ်ခုပြောပါတယ်.. သူဟာ ကျွန်မတို့ကို ကျွန်မတို့ရဲ့ စိတ်အာရုံတစ်ခုလုံးကို အကောင်းမြင်တဲ့ ရှုထောင့်ကနေ ပိုပြီး ကြည့်တတ်ဖို့ အလေ့အကျင့် လေးတွေကိုလည်း သင်ကြားပြောပြပါတယ်.. သူက “မျက်လုံးလေးတွေ မှိတ်လိုက်ပြီးတော့ မင်းတို့ရဲ့ ငယ်စဉ်က အကြောင်းလေးတွေကို ပြန်စဉ်းစားကြည့်ရအောင်.. ငယ်ငယ်တုန်းက မင်းတို့ရဲ့ဘ၀မှာ အဖြစ်ချင်ခဲ့ဆုံး တစ်ခုက ဘာလဲ… အဲဒီအချိန်တုန်းက မင်းတို့ရဲ့ အိပ်မက်က ဘာတွေများ ဖြစ်မလဲ… မျက်လုံးလေးပိတ်ပြီး ပြန်စဉ်းစားကြည့်ကြပါနော်….” ဆိုပြီး သူက ကျွန်မတို့ကို သူရဲ့သြဇာပြည့်ဝ ကြည်လင်တဲ့အသံနဲ့ လွှမ်းမိုးပြောဆိုပါတယ်..
ကျွန်မ မျက်လုံးလေးကို အသာမှိတ်လိုက်ပြီး ကျွန်မ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားပါတယ်.. “ကျွန်မ ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာပါလိမ့်… စဉ်းစားစမ်း.. သေချာ ပြန်စဉ်းစားကြည့်ပါဦး..” ကိုယ့်ကိုယ်ကိုပြောရင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေကို အလုပ်ပေးလိုက်မိတော့ “အိုး.. သိပြီ.. ကျွန်မ သတိရပြီ.. ငယ်တုန်းက ကျွန်မ ဘာဖြစ်ချင်ခဲ့တယ်ဆိုတာ သတိရလိုက်ပါပြီ..”
ဒေါက်တာ မာရီလင်က သူ့ရဲ့ ငယ်စဉ်က အဖြစ်ချင်ခဲ့ဆုံးဆန္ဒက စာရေးဆရာမလို့ ပြောပါတယ်.. ခုချိန်မှာတော့ သူဟာ ဆောင်းပါးတွေ များစွာကို ရေးသားခဲ့တယ်.. ထုတ်ဝေခြင်းခံခဲ့ရတယ်. ဒါပေမဲ့ အဲဒီ ဆောင်းပါးတွေအတွက် သူဟာ အခကြေးငွေ မယူခဲ့ဘူးလို့ ပြောပါတယ်.. ဒေါက်တာ မာရီလင်ရဲ့ စကားက ကျွန်မရဲ့ နှလုံးသားကို ရိုက်ခတ်သွားစေခဲ့ပါတယ်..
ကျွန်မ ငယ်ငယ်တုန်းကလည်း ကျွန်မတို့အိမ်နဲ့ မနီးမဝေး လမ်းထောင့်က ဆေးဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်.. ကျွန်မအသက်နဲ့စာရင် အလုပ်လုပ်ဖို့ သိပ်ကို ငယ်ရွယ်သေးတဲ့အချိန် ဖြစ်ပေမဲ့ အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်. ဘာလို့လဲဆိုတော့ ကျွန်မရဲ့အဖေက အဲဒီဆိုင်ပိုင်ရှင် ဖြစ်လို့ပါ။ ဖေဖေက ကျွန်မတို့ကို ပိုက်ဆံရဲ့ တန်ဖိုးကိုနားလည်အောင်၊ အလုပ်ကို ချစ်တတ်လာအောင် သင်ကြားပေးတဲ့အနေနဲ့ အလုပ်လုပ်စေခဲ့တာ ဖြစ်ပါတယ်.. အဲဒီအလုပ်ကနေ ကျွန်မအတွက် အတွေ့အကြုံတွေ အများကြီးရခဲ့သလို ဘ၀ကို ရင်ဆိုင်ဖို့ ခွန်အားတွေလဲ ရရှိခဲ့ပါတယ်.. အလုပ်ကိုလည်း ဂရုတစိုက်လုပ်တတ်လာသလို ကိုယ်ရဲ့လုပ်အားနဲ့ ရတဲ့ ငွေကြေးကိုလည်း တန်ဖိုးထားတတ်လာခဲ့ပါတယ်..
အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ချိန်က ကျွန်မဟာ ဖေဖေ့ဆီမှာ လုပ်တယ်ဆိုပေမဲ့လို့ အလုပ်ချိန်မှာ မခိုမကပ်နဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါတယ်.. အလုပ်နားချိန်ဖြစ်တဲ့ နေ့လည်စာစားချိန်ကိုလည်း ကျွန်မဟာ တန်ဖိုးထားပါတယ်.. အစားအသောက်အတွက်ကြောင့် တန်ဖိုးထားတာမဟုတ်ဘဲ အဲဒီ ခဏနားရတဲ့ အချိန်လေးမှာ ကျွန်မဟာ ရုပ်ပြစာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်ပါတယ်.. အချစ်ဇာတ်လမ်းတွေ၊ ဟာသတွေ ဖတ်တာမဟုတ်ပါဘူး.. ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေက စွန့်စားခန်းတွေပါတဲ့ အက်ရှင် ကာတွန်းစာအုပ်တွေပါ.. အဲဒီစာအုပ်တွေထဲက လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေက ကျွန်မရဲ့ ငယ်စဉ်ဘ၀ကို လွှမ်းမိုးခဲ့တယ်.. သူတို့ရဲ့ အနစ်နာခံမှုတွေ၊ လူထုအတွက် အကျိုးပြုခဲ့ပုံတွေ၊ လူတွေကို ကယ်တင်ခဲ့ပုံတွေ၊ မကောင်းမှု ဘက်တော်သားတွေကို တိုက်ခိုက်ခဲ့ပုံတွေ၊ ပြီးတော့ လူထုက သူတို့ကို ချစ်ခင်မြတ်နိုးကြပုံတွေ အားလုံးဟာ အားကျစရာ၊ လေးစားစရာတွေချည်းပါဘဲ.. ကျွန်မလေ သူတို့ရဲ့ ဘ၀ကို အားကျခဲ့တယ်.. သူတို့လို ဖြစ်ချင်ခဲ့တယ်..
ဟုတ်တယ်.. အခု မျက်လုံးလေးမှိတ်ပြီး ပြန်စဉ်းစားလိုက်တော့ ကျွန်မ ငယ်စဉ်ခါက ဘာဖြစ်ချင်ခဲ့တယ်ဆိုတာ ကျွန်မရဲ့အာရုံမှာ ပြက်ပြက်ထင်ထင် ပေါ်လာတယ်.. ကျွန်မ ဘာဖြစ်ချင်ခဲ့တာလဲဆိုတော့ လူတွေကို အကျိုးပြုတဲ့ လူစွမ်းကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တာ…. အက်ရှင် ကာတွန်းတွေဖတ်ပြီး ကျွန်မ အားကျခဲ့ရတဲ့ ဇာတ်လိုက် လူစွမ်းကောင်းတစ်ချို့တွေက စူပါမင်း၊ လင်းနို့လူသား၊ ပင့်ကူလူသား၊ သံမဏိလူသား စတာတွေဘဲ ဖြစ်ပါတယ်.. သူတို့တွေဟာ ငယ်စဉ်ဘ၀ ကျွန်မဖတ်ခဲ့တဲ့ ရုပ်ပြ စာအုပ်တွေထဲမှာ ပါဝင်ခဲ့တဲ့ ကျွန်မရင်ထဲက လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်.. သူတို့လို လူစွမ်းကောင်းတွေဟာ ထူးခြားထင်ရှားတဲ့ အချက်နှစ်ချက်နဲ့ လူသားတွေ ဖြစ်ကြတာကို သတိထားမိပါတယ်..
ပထမတစ်ချက်က အဲဒီ လူစွမ်းကောင်းတွေဟာ ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ အားပြိုင်မှုတွေ၊ တိုက်ပွဲတွေကြားထဲမှာ ကောင်းမှုဘက်ကနေ အမြဲတမ်း တိုက်ပွဲဝင်ရသူတွေ၊ ရပ်တည်ကြသူတွေ ဖြစ်ပါတယ်.. မကောင်းမှုဘက်က တိုက်ခိုက်လာတဲ့ အလွန်ကြီးမားတဲ့ ရန်သူတွေ၊ အခက်အခဲတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ လူစွမ်းကောင်းတွေဟာ ထိပ်တိုက်ရင်ဆိုင်ရပေမဲ့ ဘယ်လောက်ဘဲ အင်အားကြီးမားတဲ့ ရန်သူတွေဘဲ ဖြစ်ပါစေ.. ကောင်းမှုဘက်က ရပ်တည်ပြီး စိတ်ဓာတ် ကောင်းမွန်မြင့်မြတ်တဲ့ လူစွမ်းကောင်းတွေကသာ နောက်ဆုံးမှာ အနိုင်ရသွားကြပါတယ်..
ဒုတိယအချက်အနေနဲ့ လူစွမ်းကောင်းတွေရဲ့ ထူးခြားထင်ရှားချက်က သူတို့တွေဟာ သူတို့ ပါဝင်ဆောင်ရွက်လိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်း၊ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းကနေ ဘယ်လို အခကြေးငွေ တံစိုးလက်ဆောင် တစ်စုံတစ်ရာကိုမှ မယူခြင်းဘဲ ဖြစ်ပါတယ်.. သူတို့ဟာ လူမှုရေး လုပ်ငန်းတွေကို အားကြိုးမာန်တက် အခမဲ့ ကူညီဆောင်ရွက် ပေးခဲ့ကြသလို သူတို့မှာ အသက်မွေးဝမ်းကြောင်းအတွက် သူတို့ ကူညီပေးနေတဲ့ လူမှုရေး အကျိုးပြုကိစ္စတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေ ရှိသော သီးသန့်အလုပ်အကိုင် ကိုယ်စီ ရှိထားကြပါတယ်..
စူပါမင်းဟာ သတင်းထောက်တစ်ယောက်အဖြစ် ၀င်ငွေ ရှိသလို လင်းနို့လူသားဟာ ချမ်းသာတဲ့ စက်မှုလုပ်ငန်းရှင် တစ်ယောက်အဖြစ် ကိုယ်ပိုင်လုပ်ငန်း ရှိသူဖြစ်ပါတယ်.. ပင့်ကူလူသားကျတော့ ဓာတ်ပုံဆရာ ပီတာပါကာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုပြီးတော့ သံမဏိလူသားကျတော့ တိုနီစတတ် အဖြစ်နဲ့ စတပ် စက်မှုလုပ်ငန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်.. သူတို့ ကူညီပေးလိုက်တဲ့ ၊ ကယ်တင်ပေးလိုက်တဲ့ သူတွေဆီကနေ၊ လူထုအကျိုးပြု လုပ်ငန်းတွေကနေ အကျိုးအမြတ် တစ်စုံတစ်ရာ၊ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူကြဘဲ ကောင်းမှုဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စိတ်သဘောထား မြင့်မြတ်စွာနဲ့ ပြည်သူတွေကို အခမဲ့ ကူညီနေသော လေးစားထိုက်ဖွယ် တကယ့် လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်.. လူစွမ်းကောင်းဆိုတဲ့သူတွေက ဘာအခွင့်အရေးမှ မမျှော်ကိုးဘဲ စေတနာသက်သက်နဲ့ လူထုကို ကူညီပေးနေတာကြောင့်လည်း သူတို့တွေကို ပြည်သူတွေက ချစ်ခင် မြတ်နိုးကြတာဘဲပေါ့နော်...
အခုလည်း ငယ်စဉ်ကျွန်မရဲ့ အိပ်မက်ကို ပြန်စဉ်းစားမိရင်းက ဒေါက်တာ မာရီလင်ရဲ့ သူလုပ်ခဲ့တဲ့ လူမှုရေး လုပ်ငန်းတွေ ဆီကနေ အခကြေးငွေ မယူခဲ့တဲ့အကြောင်းတွေကို ပြောပြနေတဲ့ စကားတွေကို ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်နေမိပါတယ်.. ဟုတ်ပါတယ်.. သူဟာ ပရဟိတလုပ်ငန်းတွေ၊ ကင်ဆာ ဖောင်ဒေးရှင်းတွေ၊ မသန်မစွမ်းသူများ စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ဆောင်းပါးတွေ စာတွေ မြောက်မြားစွာ ရေးခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါတွေအတွက် အခကြေးငွေ မယူခဲ့တဲ့သူပါ။ သူပြောတာက “တကယ့် လူစွမ်းကောင်းတွေဟာ သူတို့ဆောင်ရွက်လိုက်တဲ့ လူမှုရေးလုပ်ငန်းတွေကနေ ဘယ်တော့မှ အခကြေးငွေ မယူကြပါဘူးတဲ့…” ဒီလိုလူမျိုးတွေကို လူစွမ်းကောင်းတွေလို့ ခေါ်ဆိုနိုင်ပါတယ်တဲ့… လူတိုင်းဟာလည်း မိမိပါတ်ဝန်းကျင်လေးကို တတ်နိုင်သလောက် အကျိုးပြုရင်း လူစွမ်းကောင်းအလုပ်ကို လုပ်ခွင့်ရနိုင်ကြပါတယ်တဲ့…
အိုး . ဟုတ်သားဘဲနော်.. တကယ်တမ်းတေ့ ကျွန်မဖြစ်ချင်ခဲ့တဲ့ လူစွမ်းကောင်း တစ်ယောက်ရဲ့ဘ၀ဟာ ခုချိန်မှာ တကယ်ကို ဖြစ်လာနေတာပါဘဲလား.. ဒါကို ကျွန်မက သတိမထားမိခဲ့ဘူး… ကျွန်မဟာ မျက်မမြင် ကျောင်းတစ်ကျောင်းမှာ စာသင်တဲ့အလုပ်ကို အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်း လုပ်ပေးနေခဲ့တာ အတော်ကြာပါပြီ။ ဒီလိုဆို ကျွန်မဟာလည်း လူစွမ်းကောင်း တစ်ယောက် ဖြစ်နေခဲ့တယ် မဟုတ်လားနော်..
တစ်ခြားသူတွေလည်း ကိုယ့်ရဲ့ သားသမီးတွေကို စောင့်ရှောက်ခြင်း၊ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တတ်အားသလောက် ကူညီပေးခြင်း၊ ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အကူအညီ လိုအပ်သူများကို နည်းတယ်များတယ် သဘောမထားဘဲ ကူညီပေးနိုင်ခြင်း၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် စောင့်ရှောက်ခြင်း စတဲ့ လူမှု ပရဟိတအလုပ်တွေကို ကူညီလုပ်ကိုင်ပေးနိုင်ခြင်း၊ အခြားသူများအပေါ်မှာ အပြန်အလှန် ငွေကြေးတစ်စုံတစ်ရာ မျှော်လင့်ချက် မထားဘဲ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်လိုက်ခြင်းအားဖြင့် လူတိုင်းဟာ လူစွမ်းကောင်းတွေ ဖြစ်ခွင့် ရနိုင်ကြတယ် မဟုတ်ပါလားရှင်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူသားတွေ ကောင်းကျိုးကို ဆောင်ရွက်နေကြသူတွေ၊ ကောင်းမှုဘက်က ရပ်တည်ပြီး မကောင်းမှုကို ပြတ်ပြတ်သားသား တိုက်ထုတ်နေကြသူတွေ၊ ငွေကြေး တစ်စုံတစ်ရာအတွက် မဟုတ်ဘဲ စေတနာ၊မေတ္တာ သက်သက်ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်ဆောင်နေသူတွေကို လူတိုင်းက လူစွမ်းကောင်းတွေအဖြစ် ရင်ထဲကနေ လှိုက်လှဲစွာ လက်ခံပြီး လေးစား ကြည်ညိုတတ်ကြတယ် မဟုတ်ပါလားနော်.. အခွင့်အရေးကို မျှော်ကိုးပြီး စေတနာမပါတဲ့ ဆောင်ရွက်ချက်တွေနဲ့ နံမည်တစ်လုံး ရယူနေသူများကိုတော့ ဘယ်သူကမှ သူရဲကောင်းတွေ၊ လူစွမ်းကောင်းတွေလို့ သတ်မှတ်ပြီး ချစ်ခင်ကြည်ညိုကြလိမ့်မယ် မထင်ပါဘူး...
တကယ်လို့များ သင်ရဲ့ ဘ၀မှာ အလေးစားဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အားကျစရာအကောင်းဆုံး လူစွမ်းကောင်းဟာ ဘယ်သူများလဲလို့ ကျွန်မတို့ ကိုယ့်ရင်ထဲကို ပြန်ပြီး မေးကြည့်ကြမယ်ဆိုရင် ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ် သီးခံနိုင်စွမ်းရှိခြင်း၊ စိတ်သဘောထား မြင့်မြတ်ခြင်း၊ အခွင့်အရေး တစ်စုံတစ်ရာ မျှော်ကိုးမှုမရှိခြင်း စတဲ့ အရည်အချင်းများစွာနဲ့ ကိုယ့်ရဲ့အကျိုးကို မငဲ့ကွက်ဘဲ နှစ်ပေါင်းများစွာ စွန့်လွှတ်ပြီး ပေးဆပ်နေတဲ့ သူတစ်ယောက်တော့ ရင်ထဲက လူစွမ်းကောင်းအဖြစ် ကျွန်မတို့ ကိုယ်စီရဲ့ရင်ထဲမှာ ရှိနေလိမ့်မယ် ထင်ပါတယ်နော်။
~~~~~~~~~~~~@@@~~~~~~~~~~~~
0 comments:
Post a Comment