အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး

အပ်ချုပ်သမားတစ်ယောက်ဟာ အ၀တ်စကြီးတစ်စကို ယူလာပြီး အင်္ကျီတစ်ထည် ဖြစ်လာဖို့အတွက် အားစိုက်ပြီး ချုပ်လုပ်နေပါတယ်.. အ၀တ်စကို လက်၊ ကိုယ်လုံး၊ ကော်လံ စသည်ဖြင့် တစ်ပိုင်းစီ သူ့အပိုင်းလိုက် ပုံပေါ်အောင် ကပ်ကျေးနဲ့ ညှပ်ဖြတ်ပါတယ်..  ညှပ်ပြီးသွားပြန်ရင် ကပ်ကျေးလေးကို သူ့ရဲ့ ခြေထောက်နားကို ပစ်ချထားလိုက်ပါတယ်.. ပြီးတော့ အပ်ကလေး တစ်ချောင်းကို ဆွဲယူလိုက်ရင်း အပ်ချည်ဖြည့်ကာ အစောက ညှပ်ထားတဲ့ အပိုင်းအစလေးတွေကို သူ့နေရာသူ တွဲဆက်ပြီး ချုပ်ပါတော့တယ်.. အစလေးတွေ အားလုံးကို အပ်နဲ့ အပ်ချည်ကိုအသုံးပြုလို့  ကျွမ်းကျင်စွာ တွဲဆက်ပြီးချိန်မှာတော့ အလွန်ကောင်းမွန် သေသပ်လှပတဲ့ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်လာပါတော့တယ်. ဒီအခါမှာ သူဟာ အင်္ကျီချုပ်တဲ့ အပ်ကလေးကို တရိုတသေနဲ့ သူ့ခေါင်းက ခေါင်းပေါင်းစမှာ ထိုးစိုက်ထားလိုက်ပါတယ်။

သူအင်္ကျီချုပ်တာကို ဘေးနားကနေထိုင်ကြည့်နေတဲ့ သူ့ရဲ့သားလေးက သူ့ဖခင် အပ်ချုပ်သမားရဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်လေးကျုံ့ကာ မေးခွန်းထုတ်ပါတော့တယ်.. “ အဖေ..  အဖေ့ရဲ့ အပ်ကလေးက သေးသေးလေးရယ်.. ဈေးကလဲပေါသေးတယ်.. အပ်ထက်စာရင် ကပ်ကျေးက ပိုပြီး ဈေးကြီးတယ်.. လှလဲလှတယ်.. ဒါပေမဲ့ အဖေက ကပ်ကျေးကိုကျတော့ ခြေထောက်နားကို ပစ်ချလိုက်တယ်.. အပ်ကလေးကကျတော့ ဘာမှလည်း တန်ဖိုးမရှိဘူး… အဖေ လိုချင်ရင် ဒါဇင်နဲ့ချီပြီး လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာဘဲ.. ဒါပေမဲ့ အဲဒီအပ်ကလေးကိုတော့ အဖေက တယုတယနဲ့ ခေါင်းပေါင်းမှာ ထိုးစိုက်ထားလိုက်တယ်.. အဖေလုပ်ပုံက တန်ဖိုးမထားသင့်တာကို ကျတော့ တန်ဖိုးထားနေသလိုဘဲ။ အဖိုးတန်တဲ့ ကပ်ကျေးကိုကျတော့ ပစ်စလက်ခတ် ထားတယ်.. အဲဒါ ဘယ်လို အကြောင်းကြောင့်လဲ အဖေ”

“ အော်.. ငါ့သားက အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာကိုး.. သားပြောတာ ဟုတ်တော့ ဟုတ်ပါတယ် .. ကပ်ကျေးမှာလည်း သူ့ရဲ့ အသုံးဝင်တဲ့ အချက် ရှိပါတယ်.. ဒါကို သံသယရှိစရာ မလိုပါဘူး… ဒါပေမဲ့ ကပ်ကျေးရဲ့ အသုံးကျမှုက အ၀တ်စတွေကို အပိုင်းအပြတ်လေးတွေ ဖြစ်သွားအောင်ဘဲ သူညှပ်ပေးနိုင်တယ်..  ဒါထက်ပိုပြီး သူဘာမှ မလုပ်ပေးနိုင်ဘူး .. အဲ…  အဖေ့ခေါင်းပေါ်က အပ်ကလေးကျတော့ အ၀တ် အပိုင်းအစလေးတွေကို ပေါင်းစပ်စုစည်းစေပြီး သေသပ်လှပတဲ့ အင်္ကျီတစ်ထည် ဖြစ်လာအောင် ချုပ်လုပ်ပေးတယ်လေ.. ဒီအပ်ကလေးရဲ့ စွမ်းဆောင်ချက်ကြောင့် အ၀တ်စတွေဟာ ပိုပြီး တန်ဖိုးရှိလာတယ် မဟုတ်လား။ အင်္ကျီဖြစ်သွားတာကြောင့် လူတွေအတွက်လည်း ပိုပြီး အသုံးဝင်သွားတယ်လေ.. ဒါကြောင့် အဖေ့အတွက်တော့ အပ်ကလေးရဲ့ စွမ်းဆောင်ချက်ကို  ပိုပြီး တန်ဖိုးထားမိတယ်..  တန်ဖိုးဆိုတာ ၀ယ်တဲ့ဈေးနှုန်း ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသုံးပြုနိုင်တဲ့ အရည်အချင်း ကြည့်ပြီး ဆုံးဖြတ်ရတယ် သားရဲ့”

“အဲဒီလိုဘဲ သားရဲ့.. လူတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့နေရာမှာလည်း အဲဒီလူရဲ့ သြဇာအာဏာ ကြီးမားမှု၊ ပြည့်စုံကြွယ်ဝမှု၊ အောင်မြင်ထယ်ဝါမှု၊  ဟိတ်ဟန်ကြီးကျယ် ခမ်းနားမှု၊ အပေါ်ယံ ရုပ်ရည် လှပချောမွေ့မှုတွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့။ လူ့လောက ကောင်းကျိုးအတွက် သူ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေအကျိုးပြုခဲ့ပြီလဲ၊ သူ့လုပ်ရပ်က လူသားတွေအတွက် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ရှိခဲ့ပြီလဲ။ လောကကြီးအတွက် သူဟာ ဘယ်လောက် အသုံးဝင်သလဲ၊ သူဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်ပါ.. တစ်ချို့လူတွေက အပေါ်ယံအားဖြင့်တော့ ကပ်ကျေးလို အမြင်လှပြီး အင်အားလည်း ကြီးမားပေမဲ့ တကယ်တမ်း အသုံးဝင်မှုက နည်းနည်းလေးရယ်..  တစ်ချို့လူတွေကျတော့ အပ်ကလေးလို သေးငယ်ပြီး အမြင်မလှပေမဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်း အားက အများကြီး ရှိတတ်ပါတယ်..  အဆုံးအဖြတ် မမှားပါစေနဲ့သားရေ” ဆိုတဲ့ စကားလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေကြားရင်း တစ်လက်စတည်း ဆုံးမစကားပါ ပြောကြားလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့တွေကရော လူတွေကို သူ့တို့ရဲ့ ဘယ်လို အရည်အချင်းတွေ၊ ဘယ်အရာတွေကို ကြည့်ပြီး တန်ဖိုးဖြတ်ကြပါမလဲ။ ရွေးချယ်ကြရတော့မယ် ဆိုရင် လူတွေရဲ့တန်ဖိုးနဲ့ အရည်အချင်းကိုရော  မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါ့မလား။ အပြိုင်အဆိုင် ကြော်ငြာနေတဲ့ ခေတ်ကြီးမှာ ကိုယ်ရွေးချယ်တာ မှန်ကန်ဖို့၊ အရွေးမမှားဖို့တော့ လိုမယ် ထင်ပါတယ်နော်....



 ~~~~~~~~~~~~@@@~~~~~~~~~~~~
လူတိုင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခွင့် ရကြပါစေရှင်......

About exodus42

0 comments:

Post a Comment