ဘ၀လမ်းပေါ်က အမှိုက်ကားများ

တစ်ရက်မှာ ကျွန်တော်ဟာ အရေးပေါ် ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့  လေဆိပ်ကိုသွားဖို့ရာ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့  တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်.... ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော်ရှေ့လာရပ်တာနဲ့ ကားပေါ် တက်လိုက်ပါတယ်.. ကျွန်တော်ငှားစီးလာတဲ့ ကားဆရာက ခပ်မှန်မှန်လေးနဲ့ ညာဘက် လမ်းကြောင်းအတိုင်း မောင်းလာပါတယ်.. လေဆိပ်သွားတဲ့ လမ်းဟာ လမ်းမကြီးဖြစ်တာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်းနေကြပါတယ်။

အဲဒီအချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲ အရှိန်နဲ့ မောင်းထွက်လာပါတော့တယ်.. ကျွန်တော်တော့တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စိကို စုံမှိတ်လိုက်မိပါတယ်.. ဒါပေမဲ့ ကျွန်တော် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာ ရပ်နေပါပြီ။ တက္ကစီမောင်းသူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ အကျယ်ကြီးမြည်ပြီး လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပါတယ်..  ကျွန်တော် စီးလာတဲ့ ကားဆရာရဲ့ ကျွန်းကျင်မှုနဲ့ သတိရှိမှုကြောင့်သာ ယဉ်တိုက်မှု ဖြစ်မသွားခဲ့ရတာပါ။ လမ်းကွေ့က ထွက်လာတဲ့ ကားရဲ့ဘေးကနေ ၀င်တိုက်ဖို့ရော အနောက်က အရှိန်နဲ့ မောင်းလာတဲ့ကားက ၀င်ဆောင့်တာကိုခံရဖို့ရာ သီသီလေး လွတ်သွားခဲ့ရပါတယ်။

ကျွန်တော်ထင်တာက ကျွန်တော့်တက္ကစီဆရာတော့ ဟိုဘက်က ကားသမားကို အော်ဟစ်တော့မယ်လို့ ထင်လိုက်ပါတယ်.. တကယ်တမ်း လမ်းစည်းကမ်းအရဆို လမ်းမကြီးပေါ်က မောင်းလာတဲ့ ကျွန်တော်တို့ကားက အမှန်ပါ။ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှ ထွက်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အခုကျတော့ ပြောင်းပြန်ဗျာ...  လမ်းသွယ်ကထွက်လာတဲ့ ကားမောင်းသူက သူမှားမှန်းသိသိကြီးနဲ့ ကားထဲကနေ ခေါင်းထွက်ပြီး ကျွန်တော့်စီးလာတဲ့ တက္ကစီးသမားကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်.. ကျွန်တော်လည်း ကြည့်နေရင်း အတော်ကို ဒေါသထွက်သွားမိတယ်.. ဒါပေမဲ့ အံ့သြစရာက တက္ကစီမောင်းသူက ဘာမှ ပြန်မပြောဘဲ ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီး လက်ကလေးတစ်ဖက်တောင် ဝှေ့ရမ်းပြလိုက်ပါသေးတယ်.. ကြည့်ရတာ တကယ့်ကို မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုးပါဘဲ။

ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ တက္ကစီသမားကို “ခင်ဗျားသူနဲ့ အရင်ကတည်းက သိနေတာလား” လို့ မေးလိုက်တော့ သူက “မသိပါဘူး .. တစ်ခါမှ မမြင်ဖူးခဲ့ဘူး” လို့ ပြန်ပြောပါတယ်။

“ဗျာ.. တစ်ခါမှလည်း မမြင်ဖူးဘူး ဟုတ်လား………  အံ့ရာဗျို့ ခင်ဗျားကိုတော့.. ကိုယ့်ကားကိုလည်း တိုက်မလိုဖြစ်အောင် သူ့ဘက်ကလည်း မှားသေးတယ် သူကလဲ ပြန်အော်သွားသေးတယ်.. ဒီလိုလူကို ခင်ဗျားက စိတ်မဆိုးတဲ့အပြင် မိတ်ဆွေတွေလိုတောင် နှုတ်ဆက်လက်ပြ လုပ်နိုင်သေးတယ်.. တကယ်ပါဘဲဗျာ.. ဟိုကားဆရာလုပ်ပုံက ကံကောင်းလို့ ကျုပ်တို့ ဆေးရုံမရောက်တာ”

ကျွန်တော့်စကားအဆုံးမှာ တက္ကစီမောင်းသူက အပြုံးလေးတစ်ချက်နဲ့ ကျွန်တော့်ဘက်ကို လှည့်ကြည့်လိုက်ပြီး “ကျွန်တော်ကတော့ အမှိုက်ကားဥပဒေသ အတိုင်းဘဲ သဘောထား နေထိုင်တာပါဗျာ” လို့ ပြန်ပြောပါတယ်။

“ဗျာ…. အမှိုက်ကား ဥပဒေသ ဟုတ်လား………… ခင်ဗျားဟာက အဆန်းပါလားဗျို့.. ကျွန်တော်တော့ တစ်ခါမှကို မကြားဖူးပါဘူး.. လုပ်ပါဦး .. အဲဒီအမှိုက်ကား ဥပဒေသကို ကျွန်တော်သိအောင် ရှင်းပြပါဦးဗျ ”

ကျွန်တော်က မေးလိုက်တော့ တက္ကစီသမားဟာ သူခံယူထားပါတယ်ဆိုတဲ့ အမှိုက်ကား ဥပဒေသကို ကျွန်တော့်ကို ရှင်းပြပါတော့တယ်။

“လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်.. သူတို့ တင်ဆောင်ထားတဲ့ အမှိုက်တွေက မပြေလည်မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်တာတွေ၊ မာနတွေ၊ ဆိုတဲ့ အမှိုက်တွေဘဲ ဖြစ်တယ်.. အဲဒီလို စုံလင်လှတဲ့ အမှိုက်တွေကို ပြည့်လျှံနေအောင် တင်ဆောင်လာတဲ့ သူတို့ရဲ့ကားတွေဟာ ဒီအမှိုက်တွေကို သွန်ချဖို့ နေရာတစ်ခုခုတော့ လိုလိမ့်မယ်ဗျာ.. ဒီတော့ တစ်ခါတစ်လေမှာ အဲဒီအမှိုက်တွေကို လမ်းမှာ မတော်တဆတွေ့မိတဲ့ ခင်ဗျားအပေါ်လဲ လာသွန်ချမိတတ်တယ်.. အဲဒီလို အမှိုက်တွေကို ခင်ဗျားဆီ လာသွန်ချချိန်မှာ ခင်ဗျားက စိတ်တိုဒေါသထွက်ရင် သူတို့ဆီက အမှိုက်တွေကို လက်ခံယူသလိုမျိုး ဖြစ်သွားလိမ့်မယ်.. ပြီးတော့တစ်ခါ အဲဒီဒေါသအမှိုက်တွေကို ခင်ဗျားကသယ်ဆောင်သွားပြီး   ခင်ဗျားရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်းပေါ်မှာ စတဲ့ ကိုယ့်အနီးအနား ကိုယ့်ဝန်းကျင်က လူတွေကို ပြန်သွန်ချမိတတ်ပြန်ရော။ ဒီတော့ သူတစ်ပါးဆီက အမှိုက်တွေကို ခင်ဗျားက ပြန်ပြီး မသယ်ဆောင်သွားပါနဲ့။ မတော်တဆ လာသွန်ချမိတဲ့ သူတို့ကို အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါ။ လက်လေးသာ ပြလိုက်ပါ... ပြီးရင် ခင်ဗျားလမ်းကို ခင်ဗျား ဆက်သွားလိုက်ပါ…   ဘ၀ဟာ တိုတိုလေးပါဗျာ.. ကိုယ်အသက်ရှင်နေထိုင်တဲ့ အချိန်တွေမှာ အမှိုက်တွေနဲ့တူတဲ့ ဒေါသမာနတွေ၊ မကျေနပ် မုန်းတီးမှုတွေ၊ မနာလို ၀န်တိုမှုတွေနဲ့ ပူလောင်မနေဘဲ အေးချမ်းပျော်ရွှင်စွာနဲ့ ကိုယ့်ရဲ့ အချိန်တွေကို ကုန်ဆုံးတာက အကောင်းဆုံးပါဘဲ .. ဒါကြောင့် ကျွန်တော် ကျင့်သုံးခံယူတဲ့ အမှိုက်ကား ဥပဒေသက သူတစ်ပါးဆီက အမှိုက်တွေကို လက်မခံသလို၊ ကိုယ့်ဆီက အမှိုက်တွေကိုလည်း သူတစ်ပါးကို ပြန်ပြီး မသွန်ချမိပါနဲ့... ဆိုတာပါဘဲ”

တက္ကစီမောင်းသူရဲ့ စကားအဆုံး ကျွန်တော် ကိုယ့်ကိုယ်ကို တော်တော်ရှက်သွားခဲ့မိပါတယ်.. သူပြောတာ သိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘ၀လမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်။ ခုနက ကားသမားကို မကျေမနပ် ဒေါသတွေနဲ့ တုံ့ပြန် ပြောဆိုလိုက်မိရင် ဟိုဘက်ကလူကလည်း ပြန်လှန်ပြောဆိုရင်း မပြီးနိုင် မစီးနိုင်ဘဲ ကိုယ့်မှာ ဒေါသတွေ ပိုပိုထွက်လာရဖို့သာ ရှိပါတယ်… အဲဒီဒေါသတွေဟာ အလွယ်တကူ မပြေပျောက်နိုင်တော့ဘဲ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းခွင်တွေဆီ သယ်ယူသွားခဲ့မိတဲ့ခါ တစ်နေ့တာ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အဆင်မပြေနိုင်တော့ဘဲ ထစ်ခနဲဆို အစောက ဒေါသထွက်ထားတဲ့အရှိန်နဲ့ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တော့ဘဲ စိတ်တို ဒေါသထွက်ဖို့သာ အဆင်သင့် ဖြစ်နေတတ်ပါတယ်.. ဒါဟာ ကျွန်တော်တို့ တကယ်ကြုံတွေ့ရတတ်တဲ့ အမှန်တရားတစ်ခုပါ။ တက္ကစီသမားရဲ့ အမှိုက်ကား ဥပဒေသဟာ သိပ်ကောင်းမွန်တဲ့ ဥပဒေသလေးပါဘဲ။ လေးစားလိုက်နာသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..  ကိုယ့်ကို ဒေါသတွေနဲ့ ဆက်ဆံလာတဲ့သူကို တန်ပြန်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ အေးချမ်းတဲ့ အပြုံးလေးနဲ့ တုံ့ပြန်လိုက်မယ်ဆို တစ်ဖက်က ဒေါသတကြီးဖြစ်နေသူလည်း ဒေါသအရှိန်တွေ လျော့သွားမှာ ဖြစ်သလို ကိုယ်တိုင်လည်း သူ့ရဲ့ဒေါသတွေ ကူးစက်ခြင်း မခံရတော့ဘဲ အေးချမ်းတဲ့ စိတ်ကလေးနဲ့ ဆက်ပြီး နေသွားနိုင်မှာ ဖြစ်ပါတယ်.. လူတိုင်း ဒီလိုသာ နေနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က ပူလောင်နေတဲ့ လူသားတွေရဲ့ ဒေါသတွေ လျော့ကျသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။
~~~~~~~~~~~~@@@~~~~~~~~~~~~
အမှိုက်ကင်းတဲ့နေ့ရက်များကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ...

About exodus42

0 comments:

Post a Comment