“မေမေ.. မေမေ ဟိုမှာကြည့်ပါဦး... ရုပ်ဆိုးဆိုးနဲ့လူကြီး..... တအားရုပ်ဆိုးတာဘဲ..... အဲဒီလူကြီးက ဘာလို့ ရုပ်ဒီလောက် ဆိုးနေရတာလဲဟင်.. သူ့ဘေးက အန်တီကျတော့ ချောလိုက်တာ” ငါးနှစ်အရွယ် ကလေးမလေးဟာ သူ့အမေရဲ့ လက်မောင်းကို ကိုင်လှုပ်ရင်း အရှေ့မျက်နှာချင်းဆိုင်က လမ်းလျှောက်လာနေတဲ့ အတွဲတစ်တွဲကို လက်ညိုးလေးညွှန်ပြီး စူးစူးဝါးဝါး အော်ပြောလိုက်ပါတယ်။
“အိုး.. သမီး ရှူး …. သူများကြားသွားမယ်လေ.. ဒီလိုမပြောရဘူး ” ကလေးမလေးရဲ့ အမေက သူ့သမီးကို အလန့်တကြား တားမြစ်လိုက်ပါတယ်။
“အိုး မေမေကလဲ တကယ် ရုပ်ဆိုးလွန်းလို့ပါ… ကြည့်ရတာ ကြောက်ဖို့ကောင်းလိုက်တာ... အဲဒီအန်တီက ဒီလောက်ရုပ်ဆိုးတဲ့ မျက်နှာကြီးနဲ့လူကို ဘာလို့ တွဲလာလဲ မသိဘူးနော်”
ကလေးမလေးအမေဟာ အားတုံ့အားနာနဲ့ ရှေ့ကအတွဲကို လှမ်းကြည့်လိုက်ပြီး ကလေးမလေးကို သူတို့နဲ့ ဝေးရာကို ဆွဲခေါ်သွားပါတော့တယ်။
ဒါပေမဲ့ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ မနက်ခင်း အဲဒီအတွဲ လမ်းလျှောက်တဲ့ အခါတိုင်းမှာ ထိုသားအမိနဲ့ တွေ့ရတတ်ပါတယ်.. တွေ့တိုင်းလည်း ကလေးမလေးဟာ သူ့အမေရဲ့ အနောက်ကို ၀င်ပုန်းပြီး “ မေမေ.. သမီးကြောက်တယ် .. သမီးမကြည့်ရဲဘူး.. အဲဒီလူကြီးက ရုပ်ဆိုးလွန်းတယ် ” ဆိုပြီး အော်ဟစ် နေတတ်ပါတယ်။
တစ်ရက်မှာတော့ ကလေးမလေးရယ် သူ့အမေရယ်ဟာ ကမ်းစပ်နားမှာ လေညှင်းခံနေကြတုန်း သူတို့ ၂ယောက် ရှိရာကို ရုပ်ဆိုးတဲ့သူနဲ့ အမြဲတွဲလာတဲ့ မိန်းမချောချောဟာ တစ်ယောက်တည်း ရောက်လာပြီး သူတို့ကို နူးညံ့သာယာတဲ့ အသံနဲ့ နှုတ်ခွန်းဆက် စကားဆိုပါတယ်.. ကလေးမလေးကိုလည်း အပြုံးချိုချိုလေးနဲ့ ပြုံးပြလိုက်တော့ ကလေးမလေးက ရှက်ကိုးရှက်ကန်းလေး ပြန်ပြုံးပြပြီး သူမကို မော့ကြည့်ကာ အားမနာတမ်း ပြောချလိုက်တာက “အန်တီက ဒီလောက်ချောပြီး အန်တီယောက်ျားက ဘာလို့ ဒီလောက် ရုပ်ဆိုးရတာလဲဟင်”
ကလေးမလေးရဲ့ အမေဟာ သူ့သမီးရဲ့ ရိုင်းပျတဲ့ မေးခွန်းအတွက် အလွန်ကို အားနာသွားပြီး ကလေးမလေးကို ဆူပူကြိမ်းမောင်းပါတော့တယ်.. ဒီမှာတင် အမျိုးသမီး ချောချောလေးက “ ခနလောက်နေပါဦးရှင်… အစ်မရဲ့ သမီးဟာ ကျွန်မတို့ကို အမြဲတမ်း ကြည့်ကြည့်နေတတ်တာ သတိထားမိပါတယ်.. တကယ်လို့ အစ်မတို့က ခွင့်ပြုမယ်ဆိုရင် ကျွန်မယောက်ျားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေး တစ်ခု ပြောပြချင်ပါတယ်.. ”
ကလေးမလေးရဲ့ အမေဟာ အားတုံ့အားနာ ဖြစ်သွားခဲ့ရပြီး ခေါင်းညိတ်လိုက်ကာ စကားပြောခွင့် ပြုလိုက်ပါတယ်။
“ပထမဆုံးက ကျွန်မနံမည်ကို အရင်ပြောပါမယ်.. ကျွန်မက ရိုဇယ်လာ.. သမီးလေး နံမည်ကရော” ဆိုပြီး ကလေးကို ဦးတည်ပြီး မေးပါတယ်.. ဒီမှာတင် ကလေးမလေးနံမည်က နန်စီဆိုတာ သိလိုက်ရပြီး ကလေးမလေးရဲ့ အမေက မေရီ ဖြစ်ပါတယ်.. သူတို့ဟာ ရိုဆယ်လာ ရဲ့ ဖိတ်ခေါ်မှုနဲ့ စားပွဲတစ်လုံးမှာ သွားထိုင်ကြပြီး သံပုရာရည် သုံးခွက်မှာလိုက်ပါတယ်.. ပြီးတော့မှာ ရိုဇယ်လာဟာ သူမရဲ့ ဇာတ်လမ်းကို စတင် ပြောပြပါတော့တယ်။
လွန်ခဲ့တဲ့ ၅နှစ်လောက်က ကျွန်မရယ် ကျွန်မ အမေရယ်ဟာ ဖလော်ရီဒါကို သွားလည်ကြပါတယ်.. ဖလော်ရီဒါကို ရောက်တော့ ဟိုတယ် တစ်ခုမှာ တည်းခိုကြပါတယ်.. အဲဒီအချိန်မှာဘဲ လေတပ်က အရာရှိ တစ်ချို့ဟာလည်း ကျွန်မတို့တည်းတဲ့ ဟိုတယ်မှာဘဲ တည်းခိုနေခဲ့ကြပါတယ်. အဲဒီအရာရှိတွေထဲကမှ ရုပ်ချောချော ခပ်ဖြောင့်ဖြောင့် လေတပ်အရာရှိတစ်ယောက်က ကျွန်မကို စိတ်ဝင်စားတဲ့ အမူအရာတွေ ပြလာပါတယ်.. ကျွန်မကို တွေ့တိုင်း သူ့အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြတတ်ပြီး ကျွန်မတည်းခိုနေတဲ့ ဟိုတယ် အခန်းနံပါတ်ကိုလည်း သိအောင်စုံစမ်ပြီးတော့ ပန်းစည်းလေးတွေ ဟိုတယ် ၀န်းထမ်းတွေကို အကြိမ်များစွာ ပို့ခိုင်းတတ်ပါတယ်.. သူပို့လိုက်တဲ့ ပန်းစည်းတွေမှာ ချိတ်ထားတဲ့ ကဒ်ပြားပေါ်မှာလည်း သူနဲ့ အတူ တစ်ရက်လောက် ညစာစားခွင့်ပြုဖို့ တောင်းဆိုတဲ့စာ အမြဲတမ်း ပါလေ့ ရှိပါတယ်.. ကျွန်မရဲ့ အမေကလည်း သူ့ရဲ့ ရည်မွန်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို မြင်တွေ့ပြီးသား ဖြစ်လေတော့ ညစာကျွေးတာကို လက်ခံလိုက်ဖို့နဲ့ မိတ်ဆွေတွေအဖြစ် အပေါင်းအသင်း လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်..
ဒါနဲ့ဘဲ ကျွန်မလည်း အဲဒီလူရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တစ်ရက်တော့ ဟိုတယ်မှာ သူနဲ့အတူ ညစာစားကြပါတယ်.. ညစာစားနေရင်းမှာဘဲ သူက ကျွန်မကို မြင်မြင်ချင်း မေတ္တာ သက်ဝင် ချစ်ခင်မိကြောင်းနဲ့ သူ့ကို အမြဲတမ်း တွေ့ခွင့်ပြးဖို့၊ မချစ်နိုင်သေးရင်တောင် မိတ်ဆွေတွေလို ဆက်ဆံပြီး သူ့ကို လေ့လာဖို့ ပြောလာပါတယ်.. ဒါပေမဲ့ ခက်တာက သူဟာ ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ ခန့်ညားတဲ့ အမူအရာမျိုး ရှိပေမဲ့ ကျွန်မဟာ အဲဒီလူကို စိတ်ဝင်စားလို့ မရဘူး ဖြစ်နေပါတယ်.. ထူးထူးဆန်းဆန်း အကြောင်းပြချက် မရှိဘဲကို သူ့အပေါ် အမြင်ကပ်တဲ့ စိတ်တွေ ကျွန်မရင်ထဲမှာ ရှိနေခဲ့ပါတယ်.. သူ့ကို ဘယ်လိုမှလည်း ရင်ခုန် စိတ်လှုပ်ရှားခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီလူကို မိတ်ဆွေလိုလည်း မဆက်ဆံတော့ဘဲ ကျွန်မဦးနှောက်ထဲက ထုတ်ပစ်လိုက်ဖို့ဘဲ စဉ်းစားလိုက်မိပြီး နောက်ရက်တွေမှာတော့ သူ့ကို အတွေ့မခံတော့ဘဲ ရှောင်ဖယ်နေလိုက်ပါတော့တယ်..
တစ်ရက်တော့ ဟိုတယ်က အမှတ်တရ လက်ဆောင်လေးတွေရောင်းတဲ့ ဆိုင်မှာ ကျွန်မရှိနေတုန်း သူရောက်လာခဲ့ပါတယ်.. ပြီးတော့ ကျွန်မကို သူရဲ့ အပြုံးချိုချိုလေးနဲ့ ပြုံးပြပြီး နှုတ်ဆက်ပါတယ်.. သူဟာ တကယ်ကို ယောက်ျားပီသတဲ့ ရုပ်ရည်ရှိပြီး သူ့အပြုံးဟာလည်း နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုလည်း ရှိလှပါတယ်... ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ဘယ်လိုမှ နှစ်သက်ခံစားလို့ မရတာကြောင့် သူကအပြုံးကို ပြန်ပြီးတုံ့ပြန်ခြင်း မပြုဘဲ မျက်နှာထားတင်းတင်းနဲ့ သူ့ရှေ့ကနေ ချာကနဲ လှည့်ထွက်ခဲ့လိုက်ပါတယ်.. အဲဒီချိန်လေးမှာ သူ့ဆီက ထွက်လာတဲ့ နာနာကျင်ကျင် စကားသံကို ကြားဖြစ်အောင် ကြားလိုက်မိတာက “ အော်.. ကျွန်တော့်ကို လုံးဝငြင်းပယ်လိုက်တယ် ဆိုတာကို ဒီနည်းနဲ့ ပြလိုက်တာဘဲပေါ့ နော်” ဆိုတာဘဲ ဖြစ်ပါတယ်.. ကျွန်မလဲ သူ့အသံနဲ့ သူ့ကို လစ်လျူရှု ချန်ထားခဲ့လိုက်ပြီး ကျွန်မအခန်းရှိရာကို တက်လာခဲ့ပါတော့တယ်.. အခန်းထဲရောက်တော့ ကျွန်မ အမေက အိပ်ပျော်နေပါပြီ။ ကျွန်မလဲ အ၀တ်အစားလဲ မီးပိတ်ပြီး အိပ်ရာဝင်လိုက်ပါတယ်…
ကျွန်မ အိပ်ပျော်သွားပြီး ၂နာရီလောက်အကြာမှာ ကျယ်လောင်စူးရှစွာ မြည်နေတဲ့ အချက်ပေးသံကြောင့် အိပ်ရာကနေ နိုးထလာပါတယ်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာမို့ ဘယ်အချိန်ကတည်းက အချက်ပေးသံ မြည်နေတယ်ဆိုတာ မဝေခွဲနိုင်ခဲ့ပါဘူး… အိပ်မှုန်စုံမွှားဖြစ်နေတဲ့ ကျွန်မနဲ့ ကျွန်မအမေတို့ဟာ အခန်းရှေ့က ၀ရံတာလေးကို အလုအယက် ထွက်ကြည့်လိုက်ချိန်မှာ “ မီး … မီး ” ဆိုတဲ့ လူတွေရဲ့ ၀ိုင်းဝန်းအော်ဟစ်နေသံကို သွေးပျက်ဖွယ် ကြားလိုက်ရပြီး ကျွန်မတို့ တည်းနေတဲ့ ဟိုတယ်ကြီးဟာ မီးတောက် မီးလျှံတွေ အရှိန်ပြင်းပြင်းနဲ့ တောက်လောင် ၀ါးမြိုခြင်း ခံနေရပါတယ်… ကျွန်မနဲ့ အမေတို့လည်း အခန်းကနေ ထွက်ပြေးဖို့ တံခါးကို ဖွင့်လိုက်တော့ အခန်းအပြင်ဘက်မှာ မီးတောက်ကြီးတွေက အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေပါပြီ။ ပြေးဖို့ လမ်းလဲ မမြင်တော့ပါဘူး..
ဒီလောက် တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်ကြီးတွေကို ဖြတ်ပြီး ဟိုတယ်အောက်ထပ်ကို ရောက်နိုင်ဖို့က မလွယ်တော့ပါဘူး… မီးခိုးတွေကြောင့် အသက်ရှုမ၀ ဖြစ်လာပြီး မျက်လုံးတွေလဲ ကျိန်းစပ်လာတာမို့ ကျွန်မနဲ့ အမေဟာ သန့်စင်တဲ့လေကို ရှုရှိုက်ခွင့်ရဖို့ အခန်းအပြင်က ၀ရံတာလေးဆီ အလုအယက် ပြန်ပြေး ထွက်လာမိပါတယ်.. ဟိုတယ်ရဲ့ သုံးထပ်မြောက်မှာ ရှိနေတဲ့ ကျွန်မတို့ နေတဲ့ အခန်းရဲ့ ဒီဝရံတာလေးကနေ ခုန်ချဖို့ဆိုတာလဲ မိန်းမသားတွေဖြစ်တဲ့ ကျွန်မနဲ့ အမေ့အတွက် လုံးဝ မဖြစ်နိုင်ပါဘူး.. ခုန်ချရဲတယ်ဆိုရင်တောင် အောက်ရောက်ရင် အသက်ရှင်ဖို့ လမ်း မမြင်နိုင်ပါဘူး… အိုး ကျွန်မတို့ဟာ မီးလောင်ခံရပြီး သေဆုံးရတော့မယ် ထင်ပါရဲ့လို့ဘဲ တွေးနေမိပါတော့တယ်.. ခုချိန်မှာတော့ ထွက်ပြေးဖို့လည်း လမ်းမရှိတော့ဘူး။ ဒါကြောင့် ထိတ်လန့် ကြောက်ရွံ့လွန်းစိတ်တွေနဲ့ ကျွန်မတို့ ၂ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ဖက်ရင်း တုန်လှုပ်စွာ ငိုကြွေးနေမိပါတော့တယ်..
ဟိုတယ် အပြင်ဘက် မီးလွတ်ရာ ကွင်းပြင် ကွပ်လပ်မှာတော့ ဟိုတယ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လူတွေ စုရုံးနေတာကို တွေ့ရပါတယ်.. အဲဒီလူအုပ်ထဲမှာတော့ ဗိုလ်မှူး ဘရောင်းကို တွေ့လိုက်ရပါတယ်.. ဘရောင်းဆိုတာ ကျွန်မကို နှစ်သက်သဘောကျနေတဲ့ သူရဲ့ နံမည်ပါ.. သူဟာ လူအုပ်ကြီးထဲမှာ ပြေးပြေးလွှားလွှား ဟိုဟိုဒီဒီ လိုက်ကြည့်နေတာကို တွေ့ရပြီး ကျွန်မတို့ကို လိုက်ရှာနေတဲ့ ပုံရပါတယ်.. ဟိုတယ်ဧည့်ခန်းရှေ့ကိုလည်း သွားရှာကြည့်နေပါတယ်.. ဒါပေမဲ့ ကျွန်မတို့ကို အဲဒီမှာလည်း သူမတွေ့ရပါဘူး. အင်အားပြင်းထန်စွာ လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေဟာ ဟိုတယ် ၀င်ပေါက်ကို ဘယ်သူမှ မ၀င်နိုင်အောင် တားမြစ်ထားပေမဲ့ ဗိုလ်မှူး ဘရောင်းကိုတော့ တားလို့ မရကြပါဘူး။ သူ့ကို အထဲမ၀င်နိုင်အောင် ၀ိုင်းဆွဲထားကြတဲ့ ၊ တားမြစ်နေတဲ့ သူတွေ အားလုံးကို တွန်းထိုး ရုန်းကန်ထားရစ်ခဲ့ပြီး ဟိုတယ်ထဲကို လေရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ၀င်ရောက်သွားပါတယ်.. မကြာခင်လေးမှာဘဲ သူဟာ ကျွန်မတို့ အခန်းရှိရာဆီကို မီးတောက်မီးလျှံတွေ ကျော်ဖြတ်ပြီး ရောက်ရှိလာပါတော့တယ်။
ရိုဇယ်လာဟာ ဒီနေရာအရောက်မှာ သူမရဲ့ ဇာတ်လမ်းလေးကို ခနရပ်နားလိုက်ပါတယ်.. နန်စီနဲ့ သူ့အမေတို့ဟာ သူမတို့ရှေ့က သံပုရာရည်ကို ထိတို့ဖို့၊ သောက်သုံးဖို့ မေ့နေကြလောက်အောင် ရိုဇယ်လာရဲ့ စကားတွေမှာ မျှောပါပြီး စိတ်ဝင်တစား နားထောင်နေကြပါတယ်.. နန်စီလေးဟာ သူ့အမေရဲ့ လက်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမလေးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ပြည့်လျှံနေပါတယ်.. ရိုဇယ်လာဟာ ခေတ္တမျှ နားလိုက်ပြီး သူမရဲ့ သံပုရာရည်ကို ပိုက်နဲ့ စုပ်သောက်လိုက်ပါတယ်.. ထို့နောက်တော့ သူမရဲ့ ဇာတ်လမ်းကို ဆက်ပြန်ပါတော့တယ်..
အခန်းထဲကို ၀င်ရောက်လာတဲ့ ဘရောင်းဟာ ကျွန်မတို့အခန်းထဲမှာ ရှိနေတဲ့ စောင်၂ထည်ကို လှမ်းယူလိုက်ပြီး ရေချိုးခန်းထဲက ရေတွေစိုအောင် နှစ်ပစ်လိုက်ကာ ကျွန်မဆီ ပစ်ပေးလိုက်ပါတယ်.. ပြီးတော့ “ဒီစောင်နဲ့ မျက်နှာရော တစ်ကိုယ်လုံးကိုပါ သေချာလုံအောင် ခြုံထားလိုက်” လို့ အမိန့်ပေးသံနဲ့ လှမ်းအော်ပြောလိုက်ပါတယ်.. သူ့အမိန့်အတိုင်းပါဘဲ.. ကျွန်မနဲ့ အမေလည်း သူပစ်ပေးလိုက်တဲ့ စောင်နဲ့ မျက်နှာတစ်ခုလုံးနဲ့ ကိုယ်လုံးကို အုပ်မိအောင် ဖုံးထားလိုက်ကြပါတယ်.. သူကတော့ အခန်းထဲက ရေချိုးတဘက်လေး တစ်ထည်ကို သူ့မျက်နှာထက် ကာလိုက်ပြီး ကျွန်မတို့ကို “ ကျုပ်လက်မောင်းကို တင်းတင်းဆုပ်ထားကြ၊ ဟိုတယ် အပြင်ဘက် မီးလွတ်တဲ့နေရာထိ မရောက်မချင်း မလွတ်စေနဲ့ ” လို့ အမိန့်ပေးပြီးတာနဲ့ ကျွန်မနဲ့ အမေ့ကို သူ့လက်မောင်းတွေကြား တင်းတင်းညှပ်ပြီး အခန်းအပြင်ကို ပြေးထွက်ပါတော့တယ်.. သူ့ဦးဆောင်မှုနဲ့ ပူပြင်းတောက်လောင်နေတဲ့ မီးတောက်တွေကြားထဲကနေ ဟိုတယ် အပြင်ဘက်ရောက်အောင် ကျွန်မတို့ဟာ ဖြတ်ပြေးပါတော့တယ်.. မျက်နှာရော တစ်ကိုယ်လုံးကို လုံအောင် ခြုံထားတဲ့ ရေစိုစောင်ကြောင့် ဘာကိုမှ မမြင်မတွေ့ရဘဲ သူရဲ့ ဆွဲခေါ်ရာနောက်ကိုသာ သူ့ကို လုံးလုံး အားကိုးပြီး ခြစ်ခြစ်တောက် ပူပြင်းလောင်မြိုက်နေတဲ့ မီးလျှံတွေကြားက အသက်လုကာ ပြေးလွှား ထွက်ပြေးခဲ့ရတာပါ။
သူရဲ့ ဦးဆောင်မှု၊ ဆွဲခေါ်မှုတို့ကြောင့် ဟိုတယ်အပြင်ဘက် ဘေးကင်းရာရောက်တော့မှ ကျွန်မရဲ့ မျက်နှာမှာ ကာထားတဲ့ စောင်ကို ဖယ်လိုက်ချိန်မှာတော့ ဘရောင်းရဲ့ မျက်နှာမှာ ကားထားတဲ့ တဘက်ဟာ မရှိတော့ဘဲ သူ့မျက်နှာတစ်ခုလုံးလဲ မှတ်မိချင်စရာ မကောင်းတော့လာက်အောင် အပြင်းအထန် မီးလောင်ကျွမ်း ခံထားရတာကို တွေ့လိုက်ရပါတော့တယ်.. ကိုယ်ခန္ဓာ နေရာအနှံ့အပြားမှာလည်း မီးလောင် ခံထားရပါတယ်.. သူဟာ လူ၂ယောက်ကို တစ်ပြိုင်တည်း ကယ်တင် ဆွဲခေါ်လာရတဲ့အတွက် သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင် ဖြစ်သွားခဲ့ရတာပါ။ ဘရောင်းကို ချက်ခြင်းဘဲ ဆေးရုံကို တင်လိုက်ကြပြီး မီးလောင်သွားတဲ့ နေရာတွေကို အရေးတကြီး ဆေးကုသမှု ခံယူရပါတယ်..။
ဆေးရုံမှာ စိုးရိမ်စရာ အနေအထားနဲ့ တစ်ပတ်လောက်ကြာအောင် အသည်းအသန်ကုသမှု ခံနေခဲ့ရပြီး သူ့မျက်နှာ တစ်ပြင်လုံးဟာလည်း ပတ်တီးတွေနဲ့ စည်းနှောင်ထားခြင်း ခံရပါတယ်.. မျက်လုံးနေရာတောင်မကျန် ပတ်တီးတွေ ဖုံးလွှမ်းထားတာပါ။ ဘရောင်းဟာ ကျွန်မကို မမြင်နိုင်ပေမဲ့ သူ့ဘေးမှာ ကျွန်မ တစ်ချိန်လုံး ရှိနေတာကို သူသိနေပါတယ်.. ကျွန်မအမေကို ကျွန်မတို့အိမ်ရှိတဲ့ နယူးယော့ကို ပြန်ခိုင်းလိုက်ပြီး ကျွန်မကတော့ ဘရောင်းဆေးရုံက မဆင်းမချင်း သူ့ရဲ့ဘေးမှာ သူ့လက်တွေကို ဆုပ်ကိုင်ထားရင်း တစ်ချိန်လုံး နူးညံ့ငြင်သာတဲ့ စကားတွေနဲ့ အားပေးနေခဲ့တယ်.. ပြုစု ယုယပေးနေခဲ့ပါတယ်… ဆေးရုံမှာ ရက်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူ့မျက်နှာပေါ်က ပတ်တီးတွေကို ဆရာဝန်တွေက ခွာလိုက်ကြပါတယ်။
အိုး…… ပတ်တီးတွေလည်း ခွာလိုက်ရော ယောက်ျားပီသပြီး ခန့်ညားချောမောပါတယ်ဆိုတဲ့ သူ့မျက်နှာဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ရပါပြီ။ ဒါပေမဲ့လည်း အမာရွတ်တွေ ပြည့်နေတဲ့ သူမျက်နှာဟာ အခြားသူတွေအတွက် ရုပ်ဆိုးလွန်းနေပေမဲ့ ကျွန်မအတွက်တော့ သိပ်ကို လှနေခဲ့ပါပြီ။ အရင်က မြင်ခဲ့ရတဲ့ သူ့ရဲ့မျက်နှာထက် အခုမျက်နှာက ပိုပြီးလှနေတယ်လို့ ကျွန်မကတော့ ထင်နေခဲ့ပါတယ်.. သူ ရရှိလိုက်တဲ့ မျက်နှာပေါ်က အမာရွတ်တွေဟာ ကျွန်မကြောင့် ဖြစ်ရတာပါ။ သူသာ ကျွန်မကို မချစ်ခင် မနှစ်သက်ခဲ့ဘူး၊ ကျွန်မဟာလည်း အဲဒီအချိန်တုန်းက ဘရောင်းတို့ တည်းခိုတဲ့ ဟိုတယ်မှာ ရှိမနေခဲ့ဘူး၊ ဘရောင်းဟာ ကျွန်မကို မသိကျွမ်းခဲ့ဘူး၊ သူ့အတွက်ထက် ပိုပြီး ကျွန်မနဲ့ ကျွန်မအမေအတွက် မပူပန်ခဲ့ဘူးဆိုရင် ဒီလို ရုပ်ဆိုးလှတဲ့ အမာရွတ်၊ ဒီလိုမျက်နှာမျိုး သူ့မှာ ဖြစ်လာဖို့အကြောင်း မရှိပါဘူး.. အရင်းစစ်လိုက်ရင် ဘရောင်းဟာ ကျွန်မကြောင့် သူ့မျက်နှာပေါ်က လှပခန့်ညားခြင်းတွေ ဆုံးရှုံးသွားခဲ့ရတာပါ။ ကျွန်မကြောင့်သာ သူ့ဘ၀မှာ အဆိုးတွေ ကြုံတွေ့ခဲ့ရတာပါ။
ဆေးရုံမှာရှိနေတဲ့ ကာလတစ်လျှောက်လုံး သူ့ဘေးမှာ အမြဲတမ်းရှိနေခဲ့ပြီ ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့အချစ်စိတ်နဲ့ ပေးဆပ် အနစ်နာခံမှုတွေကို တွေးမိတိုင်း သူ့ကို အရင်က အမြင်ကပ်ခဲ့တာတွေဟာ အချစ်တွေအဖြစ် ပြောင်းလဲသွားပြီး ကျွန်မ သူ့အပေါ် လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာကို ချစ်မိပါတော့တယ်.. တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းလဲ ပိုနီးကပ်လာခဲ့ကြတယ်.. ဒီနောက်တော့ ဘရောင်းဆေးရုံက ဆင်းခွင့်ရတာနဲ့ ကျွန်မတို့ ၂ယောက်ဟာ လက်ထပ်လိုက်ကြပါတယ်.. လက်ထပ်ပြီးနောက်လဲ တစ်ရက်ထက်တစ်ရက် ပိုပိုပြီး ချစ်ခင်စုံမက်လာကြတယ်.. နားလည်မှုတွေ ခိုင်မြဲလာကြတယ်.. ကျွန်မတို့ ၂ယောက်ရဲ့ဘ၀ဟာ သိပ်ကို ပျော်ရွှင် ချမ်းမြေ့ခဲ့ကြပါတယ်။ ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်း ဆိုတာတွေဟာ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ဘယ်လို ထိခိုက်မှုမျိုး၊ ဘယ်လို အကျိုး သက်ရောက်မှုမျိုးမှ ဖြစ်မလာနိုင်တော့ပါဘူး..”
ရိုဇယ်လာရဲ့ ဇာတ်လမ်းအဆုံးမှာ အလျှော့ပေးပုံမရသေးတဲ့ နန်စီက “အို.. ဒါပေမဲ့ အန်တီရယ် ဒီလောက်ဆိုးတဲ့ မျက်နှာကို အန်တီ နေ့တိုင်း ဘယ်လိုကြည့်ပြီး နေသလဲဟင်… ” ဆိုတဲ့ မေးခွန်းကို မေးလိုက်ပါတယ်.. ရိုဇယ်လာက နန်စီကို ပြုံးကြည့်လိုက်ပြီး “ အန်တီက သူ့ရဲ့ အမာရွတ်တွေနဲ့ မျက်နှာကို မြင်မှမမြင်တာ၊ အန်တီမြင်တာက အသက်အန္တရာယ်ကိုတောင် မငဲ့ကွက်ပြီး ကိုယ့်အပေါ် ချစ်တတ်တဲ့ လူတစ်ယောက်ရဲ့ အသည်းနှလုံးကိုသာ မြင်တာကိုး။ အန်တီက အပေါ်ယံ အရေပြား အလှထက်ကို သိပ်ကိုလှပတဲ့ သူ့ရဲ့ နှလုံးသားကို ကြည့်မြင်နိုင်ခဲ့တယ်.. အပေါ်ယံအလှထက် စိတ်နှလုံးသား အလှက ဘ၀အတွက် ပိုပြီးတန်ဖိုးရှိတယ် ဆိုတာကို သူ့ကြောင့် နားလည်နိုင်ခဲ့ပြီလေ. လူတစ်ယောက်ကို ချစ်တဲ့စိတ်နဲ့ ကြည့်တဲ့အခါ အရာရာကို အကောင်း မြင်လာတတ်ပါတယ်.. မလှတာကိုလဲ လှတယ်လို့ ထင်လာပါတယ်.. ပြီးတော့ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြုံလာရင် အန္တရာယ်တွေကနေ အကာအကွယ် ပေးနိုင်မဲ့သူ၊ ကိုယ့်ကို မြတ်မြတ်နိုးနိုး သစ္စာရှိရှိနဲ့ စွဲစွဲလန်းလန်းချစ်နိုင်တဲ့ သူမျိုးနဲ့ ဆုံဆည်းခွင့်ရတာ၊ ဘယ်လောက် ကံကောင်းတယ်ဆိုတာ သမီးကြီးလာတဲ့အခါကျရင် နားလည်လာမှာပါကွယ် ” လို့ ပြောလိုက်ပါတယ်။
နန်စီနဲ့ သူ့အမေတို့ဟာ ကမ်းခြေဟိုတယ်ကနေ အရင်ထွက်ခွာတော့မဲ့ ဘရောင်းနဲ့ ရိုဇယ်လာတို့ကို မထွက်ခွာခင် တစ်ရက်မှာ နှုတ်ဆက် ဧည့်ခံပွဲလေးတစ်ခု ပြုလုပ်ပေးပါတယ်.. နန်စီလေးဟာ ဘရောင်းကို တွေ့မြင်ချိန်မှာ ရှက်ကိုးရှက်ကန်း အပြုံးလေးနဲ့ ပြုံးပြလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်.. ပြီးတော့ ဘရောင်းရဲ့လက်ကို ဆွဲပြီး တစ်ခုခုပြောလိုဟန်နဲ့ မော့ကြည့်နေပါတယ်.. ဘရောင်းကလည်း နန်စီလေး တစ်ခုခုပြောချင်နေမှန်း ရိပ်မိပြီး သူ့ဒူးခေါင်းကို ညွှတ်လိုက်ကာ နန်စီရဲ့ မျက်နှာနားကို သူ့နားလေး ကပ်ပေးလိုက်တဲ့အချိန်မှာ အားလုံးက မမျှော်လင့်ထားတဲ့ စကားလေး နန်စီ့နှုတ်က ထွက်လာပါတယ်။
နန်စီလေး ချစ်စဖွယ်ပြုံးပြီး ဘရောင်းကို ပြောလိုက်တဲ့ စကားက “ အန်ကယ်ဘရောင်း… အန်ကယ့်ကို ရုပ်ဆိုးတယ်လို့ သမီး မထင်တော့ပါဘူး.. အန်ကယ်ဟာ သိပ်ကို ချောမောခန့်ညားတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ သူ တစ်ယောက်ဆိုတာ သမီးသိသွားပါပြီ ” တဲ့….။
...........&&&&&&&&............
0 comments:
Post a Comment