ရယ်စရာလေးတွေ (၁)

နှုတ်ခမ်းနီရာလေးများ

တစ်ချို့မိန်းခလေးတွေမှာ အကျင့်တစ်ခု ရှိတတ်ကြတယ်... အဲဒါက ဘာလဲဆိုတော့ နှုတ်ခမ်းနီ ဆိုးပြီးရင် မှန်လေးပေါ်မှာဘဲဖြစ်ဖြစ်၊ စက္ကူတို့၊ လက်ကိုင်ပုဝါ၊ တစ်ရှူး ၊ သန့်စင်ခန်းတွေထဲက မှန် စသည်တို့မှာ ကိုယ်ဆိုးထားတဲ့ နှုတ်ခမ်းနီလေးရဲ့ အရာကို ထင်နေအောင် လုပ်တတ်တဲ့အကျင့် ရှိကြတယ်.. မိန်းခလေး အားလုံးတော့ မဆိုလိုပါဘူးနော်.. တစ်ချို့တစ်ချို့တွေပါ… အဲဒီအကျင့်လေးတွေ ပျောက်သွားအောင် ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး  ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာလေးကို အင်တာနက်မှာ ဖတ်လိုက်ရတာလေးကို ပြန်ပြောပြပါဦးမယ်…


တစ်ခါတုန်းကလေ မိန်းခလေးကျောင်းတစ်ကျောင်းမှာ သန့်ရှင်းရေး အလုပ်လုပ်တဲ့ ဦးရွှေမောင် ဆိုတဲ့လူတစ်ယောက် ရှိတယ်ပေါ့နော်… အဲဒီကျောင်းမှာ ရှိတဲ့ တစ်ချို့ ကျောင်းသူလေးတွေမှာ အကျင့်တစ်ခုရှိပါတယ်.. အဲဒါကတော့ ကျောင်းသန့်စင် ခန်းထဲကို ၀င်တိုင်း ကြည့်မှန်တွေပေါ်မှာ နှုတ်ခမ်းနီရာတွေကို ချန်ပစ်ခဲ့တဲ့ အကျင့်ပါဘဲ… ဦးရွှေမောင်ကြီးက ညနေရောက်တိုင်း ကျောင်းသန့်ရှင်းရေးလုပ်တဲ့အခါ မှန်ပေါ်မှာ ထင်ကျန်နေတဲ့ နှုတ်ခမ်းနီရာလေးတွေကို အ၀တ်တစ်ခုနဲ့ နေ့စဉ် ပွတ်သုတ် သန့်စင်ပစ်ရပါတယ်.. ဘယ်လိုဘဲ သန့်စင်ပြီးပေမဲ့ ကျောင်းသူတွေက ထပ်လုပ်တော့ နောက်တစ်နေ့မှာ နှုတ်ခမ်းနီရာတွေက ပြန်ရှိနေပြန်ပါရော… အခုလိုမလုပ်ဖို့ ဘယ်လိုဘဲသူက မေတ္တာရပ်ခံပေမဲ့ နောက်တစ်နေ့ ရောက်တိုင်း နှုတ်ခမ်းနီရာလေးတွေက ရှိနေမြဲ ပါဘဲတဲ့…


ဦးရွှေမောင်က ကျောင်းအုပ်ဆရာမကြီးထံ အဲဒီပြဿနာကို တင်ပြလိုက်တော့ ကျောင်းဆရာမကြီးက အတန်းတိုင်းက ကျောင်းသူကိုယ်စားလှယ်တွေကို ခေါ်လိုက်ပြီးတော့ သန့်စင်ခန်းထဲကို ခေါ်ဆောင်လာပါ တယ်.. ပြီးတော့ ဆရာမကြီးက ကျောင်းသူတွေကို စကားအနည်းငယ် ပြောပါတယ်.. “အခုလို လာရောက်ကြတဲ့အတွက် ကျောင်းသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်..  အခုရောက်လာတဲ့ ကျောင်းသူတွေအားလုံးလဲ ဒီမှန်ပေါ်က နှုတ်ခမ်းနီရာတွေကို တွေ့ကြမယ်ထင်ပါတယ်..”  ဆရာမကြီးစကားကို ကြားတဲ့ ကျောင်းသူလေးတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်စလေးပစ်ကြရင်း ကြိတ်ပြုံး လိုက်ကြတယ်ပေါ့…  ဆရာမကြီးက စကားဆက်ပြောပါတယ်…


“ဒီနေ့ခေတ်ရဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီတွေဟာ အရောင်စွဲစွဲမြဲမြဲ ကြာရှည်ခံအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် မှန်ပေါ်မှာ ထင်နေတဲ့ တစ်ချို့ နှုတ်ခမ်းနီတွေဟာ အလွန်ဘဲ ဖျက်ရခက်ပါတယ်… ဒါကြောင့် ဆရာမကြီးတို့ကလဲ ဖျက်ရခက်တဲ့ နှုတ်ခမ်းနီရာတွေကို ဖျက်ရလွယ်ကူဖို့အတွက် နည်းလမ်းတွေကို စဉ်းစားရ တာပေါ့နော်.. အခု ဆရာမကြီးတို့ တွေ့ရှိထားတဲ့ နည်းလမ်းတစ်ခုကို လက်တွေ့ပြပါမယ်.. ဒီလက်တွေ့ပြတာကို တွေ့သွားတဲ့ ကျောင်းသူတွေအားလုံး ဒီနည်းလမ်းကို ကျန်တဲ့ ကျောင်းသူတွေကို ပြန်ပြောပြကြမယ်လို့ မျှော်လင့်ပါတယ်.. နောင်ကိုလဲ ဒီမှန်တွေပေါ်မှာ နှုတ်ခမ်းနီရာကို ချန်ခဲ့မဲ့ အစား တစ်ရှူးလေးတွေကို သုံးကြမယ်လို့ ဆရာမကြီး ယုံကြည်ပါတယ်..”


ဆရာမကြီးစကားအဆုံးမှာ ဦးရွှေမောင်ကြီးက  မှန်ကို တိုက်ချွတ်ဖို့အတွက် ရေမြုပ်ကို အိမ်သာ တစ်ခုထဲက သွားယူလိုက်ပါတယ်.. ပြီးတော့ အိမ်သာကြွေခွက်ထဲကို ရေမြုပ်ကို နှစ်ထည့်လိုက်ပြီးနောက် မှန်ပေါ်မှာ ထင်နေတဲ့ နှုတ်ခမ်းနီရာလေးများကို ဖျက်ပါတော့တယ်… လက်တွေ့ပြပွဲပြီးလို့ ကျောင်းသူလေးများ သန့်စင်ခန်းထဲမှ အသီးသီး ထွက်ခွာသွားတဲ့အခါမှာတော့ သန့်ရှင်းရေးလုပ်တဲ့ ဦးရွှေမောင်ကြီးက ပြုံးလိုက်ပါတော့တယ်.. သူသိပါတယ်... နောက်နေ့တွမှာ ဒီမှန်ပေါ်မှာ နှုတ်ခမ်းနီရာလေးတွေ တွေ့ရတော့မှာ မဟုတ်ပါဘူး….

.....................@@@@@@@@@@@@@@@@@@@@@@@@@@.....................


စကားပြောတဲ့ ဖားကလေး
 
အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်..  “ကယ်ပါဦး ကယ်ပါဦး ” ဆိုတဲ့ အသံလေး သေးသေးလေး….


အဖိုးအိုဟာ သူ့ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တာင် သူက ထင်လိုက်ပါတယ်..  ဒါပေမဲ့ “ကယ်ပါဦး ” ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ် ကြားလိုက်ရပြန်တယ်..  ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တာ့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…


“မင်းက ငါ့ကို စကားပြောနေတာလား ” လို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..


“ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..  ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေးဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..”


အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အင်္ကျီ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…


ဖားကလေးက “ ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….”


အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.


“ နေပါစေ… ငါ့အသက်အရွယ်က မိန်းမတစ်ယောက် ရှိတာထက် စကားပြောတတ်တဲ့ ဖားတစ်ကောင် ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………” :)

.....................@@@@@@@@@@@@@@@@@@@@@@@@@@.....................


ဥာဏ်ကြီးရှင်

အမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ လျှောက်လာရင်း စုတ်စုတ် ပြတ်ပြတ် ညစ်ညစ်ပတ်ပတ်နဲ့ နံစော်နေတဲ့ အိမ်ခြေမဲ့ သူတောင်းစား အဖွားကြီးတစ်ယောက်က သူမထံမှာ ညစာအတွက် ပိုက်ဆံ အနည်းငယ် စွန့်ကြဲပါလို့ တောင်းပါတယ်..

အမျိုးသမီးက သူမရဲ့ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး ၁၀တန် ဒေါ်လာတစ်ရွက်ကို ထုတ်လိုက်ပါတယ်.. ပြီးတော့ “ရှင့်ကိုကျွန်မက ဒီပိုက်ဆံပေးမယ်ဆိုရင် ရှင်က ညစာ ၀ယ် မစားဘဲ ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်မှာလား ” လို့မေးပါတယ်..

“အိုး မဟုတ်တာ ကျွန်မ ဒီကိစ္စတွေအတွက် ငွေလဲ မဖြုန်းနိုင်ပါဘူး… ရသမျှငွေဟာ ကျွန်မဘ၀ နေထိုင် စားသောက်ရေးအတွက်ပါ ” လို့ အဖွားကြီးက ပြန်ဖြေပါတယ်..

“ဒါဆိုရင် ဒီငွေနဲ့ မိတ်ဆွေ သူငယ်ချင်းအိမ်တွေ လျှောက်သွားမှာလား ” လို့ မေးပြန်ပါတယ်..

 “မဖြစ်နိုင်တာ ကျွန်မမှာ လည်စရာအိမ်လဲမရှိဘူး.. မိတ်ဆွေ သူငယ်ချင်းလဲ မရှိပါဘူး”  လို့ အဖွားကြီးက ပြန်ပြောတယ်..

“ဒါဆိုရင် အလှပြင်ဆိုင်တွေမှာ ရှင့်ဆံပင်တွေ မျက်နှာတွေကို သွားပြင်မှာလား ” လို့ ထိုမိန်းမက မေးပြန်ပါတယ်..

“ ရှင်ရူးနေလား.. ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်တာ .. ကျွန်မဘ၀မှာ မှန်မကြည့်တာ၊ မပြင်ဆင် မဖြီးလိမ်း ဖြစ်တာတောင် အနှစ် ၂၀ကျော်ခဲ့ပြီ. ” လို့ အဖွားကြီးက စိတ်မရှည်စွာ ပြန်ပြောပါတယ်..

အမျိုးသမီးက  “ အိုကေ .. ကောင်းပြီ.. ရှင့်ကို ကျွန်မက ပိုက်ဆံပေးမဲ့အစား ကျွန်မယောက်ျားရယ် ကျွန်မရယ် အတူတူစားမဲ့ ညစာစားပွဲကို ရှင့်ကိုခေါ်သွားမယ်.. ” လို့ပြောလိုက်ပါတယ်..

သူတောင်းစားအဖွားကြီးဟာ အလွန်ကို တုန်လှုပ်သွားပါတယ်.. “ရှင်ရဲ့ယောက်ျားက ကျွန်မလို ညစ်ပတ်ပြီး စုတ်ပြတ် နံစော်နေတဲ့သူနဲ့ ညစာအတူစားရမယ်ဆိုတာ သိရင် ဒေါသ မဖြစ်ဘူးလား”  လို့ ပြန်မေးလိုက်ပါတယ်..

“အိုး   ဈေးဝယ်မထွက်၊ အလှပြင်ဆိုင်မသွား၊ သူငယ်ချင်းအိမ်တွေ မလည်တဲ့ မိန်းမ တစ်ယောက်ဟာ ဘယ်လိုပုံစံဆိုတာ  ဒါမှ သူသိမှာ.. ”  တဲ့

 ( ကဲကဲ.. အိမ်ထောင်ရှိသူ ဦးလေးကြီးများ.. ကိုယ့်မိန်းမ ရှော့ပင်းထွက်တာ၊ အလှပြင်ဆိုင်တွေသွားတာ၊ လည်ပတ်တာတွေ ခွင့်လွှတ်လိုက်ကြနော်)   :)  :)  :)
.....................@@@@@@@@@@@@@@@@@@@@@@@@@@.....................


နာရီသူခိုး

တစ်ခါက တရားသူကြီးတစ်ယောက်ဟာ  ဧည့်ခံပွဲတစ်ခုကို သူ့အိမ်မှာ အကြီးအကျယ် ပြုလုပ် ကျင်းပနေပါတယ်.. ရပ်ဝေးက လာတဲ့ဧည့်သည်တွေကတော့ သူ့အိမ်မှာ ညအိပ် တည်းခိုကြပါတယ်..   ဧည့်ခံပွဲပြုလုပ်နေစဉ်မှာ သူရဲ့ ညအိပ် ဧည့်သည် တစ်ယောက်က  သူရဲ့ အဖိုးတန်နာရီအခိုးခံရကြောင်းနဲ့ ခိုးသူကို သူသိပါကြောင်း အိမ်ရှင် တရားသူကြီးက ထိုကိစ္စကို မျှတမှန်ကန်စွာနဲ့ သူ့နာရီ ပြန်လည် ရရှိအောင် ကူညီ ဖြေရှင်းပေးစေလိုကြောင်း လာရောက် တိုင်ကြားပါတယ်...

တရားသူကြီးကလည်း နာရီ ခိုးသူက ဘယ်သူလဲလို့ ပြန်မေးပြီး ခိုးသူကိုလဲသိရော “ ဟာ.. ဒီလူတော့ ဒါမျိုးမလုပ်သင့်ဘူး... ကိစ္စမရှိဘူး... ခင်ဗျားနာရီ ပြန်ရအောင် ကျုပ် ဖြေရှင်းပေးမယ်. ” လို့ ပြန်ပြောလိုက်ပါတယ်..

ဧည့်ခံပွဲ မပြီးခင်မှာဘဲ တရားသူကြီးက နာရီပိုင်ရှင်ကို ခေါ်ပြီး နာရီကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပးလိုက်ပါတယ်.... နာရီပိုင်ရှင်က ၀မ်းမြောက်စွာနဲ့ ကျေးဇူးစကားဆိုရင်း တရားသူကြီးကို ပြန်မေးပါတယ်.. “ တရားသူကြီးက ဘယ်လိုများ ဖြေရှင်းလိုက်တာလဲ ခင်ဗျာ ... ခိုးတဲ့သူကရော ဘာများ ပြောသေးသလဲ ခင်ဗျာ”

တရားသူကြီးက ပြန်ပြောလိုက်ပါတယ်... “ရှူး တိတ်တိတ်နေ... ဒီနာရီ သူ့ဆီက ကျုပ် အသာလေး ပြန်ယူခဲ့တာ သူတောင် မသိဘူးဗျ....”

.....................@@@@@@@@@@@@@@@@@@@@@@@@@@..................... 

တက္ကစီမောင်းသူ


တစ်ခါက မြို့တစ်မြို့မှာ တက္ကစီဒရိုင်ဘာ တစ်ယောက်ရှိပါတယ်.. ဒီနေ့ဟာ အဲဒီ ဒရိုင်ဘာနဲ့ တက္ကစီမောင်းခြင်း ပထမဦးဆုံးနေ့လဲဖြစ်ပါတယ်.. ကားထွက်လို့ မကြာခင်မှာ ခရီးသည် တစ်ဦးက ကားကိုတားပါတယ်.. ခရီးသည်ပြောတဲ့ နေရာကို လိုက်ပို့ဖို့ ကားကိုမောင်းထွက် လာပါတယ်.. ခရီးသည်က နောက်ခန်းကနေ ထိုင်ပြီး လိုက်လာတာပေါ့နော်..  ကားမောင်း လာပြီး ၁၀မိနစ်လောက်မှာ ခရီးသည်ဟာ တစ်စုံတစ်ခုမေးချင်တာနဲ့ ကားဒရိုင်ဘာရဲ့ ပုခုံးကို လှမ်းပုတ်လိုက်ပါတယ်….


ပုခုံးပုတ်ခံလိုက်ရတဲ့ တက္ကစီဒရိုင်ဘာဟာ လန့်ဖြတ်ပြီး သတိလက်လွတ်ဖြစ်ကာ ဘစ်ကားတစ်စီးနဲ့ တိုက်မိလုနီးပါးဖြစ်ပြီးမှ ဘရိတ်ဆောင့်အုပ်လိုက်မိပါတယ်… ကားမောင်းသူဟာ ကားကို ချက်ခြင်း ပြန်မမောင်းနိုင်ဘဲ သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားနေရတာကို ခရီးသည်က တွေ့မိပါတယ်.. တက္ကစီသမားဟာ ခရီးသည်ကို အပြစ်တင်ပါတယ်.. “ခင်ဗျား နောက်ကို ဒါမျိုးဘယ်တော့မှ မလုပ်နဲ့ .. အခုကြည့်စမ်း ကားတိုက်မှုကြီး ဖြစ်ခါနီးသွားတယ်.. နောက်တစ်နေ့ နေထွက်တာကို မမြင်ရအောင်တော့ မလုပ်ပါနဲ့ဗျ…”


 ခရီးသည်ဟာလည်း သူ့အမှားအတွက်တောင်းပန်ပါတယ်.. ပြီးတော့ တက္ကစီသမားကို နားမလည်ခြင်းများစွာနဲ့ မေးပါတယ်…  “ ကျုပ် ခင်ဗျားပုခုံးကိုပုတ်တာ ဖြေးဖြေးလေးပါဗျာ.. ဒီလောက် ထိရုံလေးနဲ့ ခင်ဗျားဒီလောက်တောင် ထိတ်လန့်သွားတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်အောင် ဖြစ်နေမိတယ်ဗျ…” ခရီးသည်ရဲ့ စကားကို တက္ကစီသမားက တုံ့ပြန် ပါတယ်..  “ ခင်ဗျားအမှားကြောင့်လဲ မဟုတ်ပါဘူးလေ… ကျွန်တော်က ဒီကားကို ဒီနေ့မှ စမောင်းတာဗျ… ကျွန်တော် ၂၅ နှစ်လုံးလုံး အသုဘယာဉ်မောင်းလာခဲ့တာမို့ပါ ”လို့ပြန်ပြောလိုက်ပါတယ်။

.....................@@@@@@@@@@@@@@@@@@@@@@@@@@.....................


About exodus42

0 comments:

Post a Comment