အပိုင်း(၁)
ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်.. အဲဒီနေ့က ကျွန်တော့်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးနေ့။
ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ်တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ်ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို ကျွန်တော့်လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်းကလေးကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်.. အဲဒီချိန်တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံးအပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်.. ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။
အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကာင်းတဲ့ ကြည်နူးဖွယ်ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်.. သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ကြတယ်.. အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်.. ပိုင်ဆိုင်မှုတွေ တဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ၀န်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်.. ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက်တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။
ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် မြို့ကြီးပေါ်က ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားထားတဲ့ အတွက် အိမ်မှာ မရှိပါဘူး.. ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေးမိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.. အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ အေးစက်လာခဲ့တော့တယ်.. အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေတတ်တယ်.. ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား.. ဥပက္ခာပြုထားတာဘဲလား သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ၀င်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်... ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။ ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ။ အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်.. စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့်စိတ်အာရုံအားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။
အပိုင်း(၂)
တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်.. ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက “ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကိုယ့်ကို သိပ်ချစ်မိတာပေါ့” လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်.. ကေသီနဲ့ ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို “ မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ ကေသီတော့ စိတ်မချ ဖြစ်နေရဦးတော့မယ်” လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက်မိတာ နောင်တရမိသလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန်လည်နွေးထွေးလာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော်ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။
ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး “ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို.. သွားလေ.. ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်..” ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်.. ပရိဘောဂဆိုင်ကို ကျွန်တော်တို့ ၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့ အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ငြင်ငြင်သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦးဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့ တာကလွဲလို့ ကေသီဟာ ကျွန်တော့်အတွက် သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။
ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင် သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ်ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေတတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။
ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. “ကေသီ တကယ်လို့များ မောင်တို့ ၂ယောက် ကွာရှင်းကြမယ်ဆိုရင် ကေသီဘာလုပ်မလဲ ”လို့ ရယ်ရယ်မောမော လှမ်းပြောလိုက်ပါတယ်.. ကေသီက ကျွန်တော့ကို အချိန်တော်တော်လေးကြာအောင် စိုက်ပြီးကြည့်နေခဲ့ပါတယ်.. စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကားဟာ နောက်ပြောင်တဲ့စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့မျက်ဝန်းလေးတွေ မှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီဘယ်လောက်များ ခံစားရမှာပါလိမ့်။ ကေသီဘယ်လိုများ တုံ့ပြန်မယ်ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။
အပိုင်း(၃)
တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်.. ဒါပေမဲ့ ကေသီဟာ ကျွန်တော့်ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ စကားလုံးတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေမှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော် ခံစားနားလည်မိလိုက်ပါတယ်။
ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက်ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး “ကေသီ မင်းကို မောင်ပြောစရာရှိတယ်..” လို့ စကားစ လိုက်ပါတယ်... ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ၀န်လေးသွားရပြန်ပါပြီ.. ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်.. ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်..
“မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ကွာရှင်းချင်တယ်.. ” ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ “အကြောင်းပြချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… ” မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့်စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ် ရန်တွေ့မယ်.. ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့်အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်.. ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး “ကောင်းပြီလေ.. ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့်စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…” လို့ ပြောပြီး ခါးခါးသီးသီး ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့ ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်.. အဲဒီညက ကျွန်တော်တို့ ၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး.. အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံရပါတယ်. ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်.. အကြောင်းပြချက် မပေးပေမဲ့ ကေသီနားလည်မယ် ထင်ပါတယ်လေ. ကေသီနဲ့ ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ.. ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။
အပိုင်း(၄)
နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စတင် ဆောင်ရွက်ပါတော့တယ်.. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. စာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက တစ်ချက်သာ ဖြတ်ခနဲကြည့်လိုက်ပြီး တစ်စစီ ဆွဲဆုတ်လိုက်ပြီးနောက်မှာ ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးနေပါတယ်… ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေမိပါတယ်.. ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး… စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့် ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမိတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန်နေမိတယ်လို့ ကျွန်တော် ခံစားနေမိပါတယ်.. ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး… ကေသီ့အပေါ် မတရားမှန်း ကျွန်တော်သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး... ကျွန်တော်ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေပါပြီ။
အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ… ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့ မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့် မျိုးကိုမှ သူယူမှာမဟုတ်တဲ့ အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်.. သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်.. ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လအချိန်အတွင်းမှာ ကျွန်တော်တို့ ၂ယောက် ပုံမှန်အတိုင်း နေပြချင်တယ်လို့ ကေသီက တောင်းဆိုတာပါ။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက်ပါတယ်..
ကေသီက ကျွန်တော့်ကို “မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား” လို့ ညံ့တဲ့ အသံလေးနဲ့ မေးလိုက်တဲ့ ကေသီ့မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ပါတယ်.. “မောင်.. မှတ်မိပါတယ်” လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. “ မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ.. ဒီတော့ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ နောက် တစ်လတိတိ နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလား ” ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ ထိုက်တန်ပါတယ်လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦးကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..
ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက်အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေးဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ “ဒါ သက်သက်ညစ်တာ… ကိုယ့်မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. သူဘာဘဲလုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူရမှာပါ” လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိကအောက် ဖြစ်စေပြီး ကေသီအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်းတစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။
အပိုင်း(၅)
အရင်ကတည်းက ကေသီနဲ့ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို နှစ်နှစ်ကာကာ၊ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြောလိုက်တဲ့ နေ့ကစပြီး ကေသီနဲ့ ကျွန်တော့်အကြားမှာ အရိပ်မဲကြီးတစ်ခု ခြားသွားသလို ခံစားလိုက်ရပါတယ်.. ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်.. တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားသလိုပါဘဲ..
ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်းပါဘဲ.. သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံး တောင့်တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်.. တစ်ယောက်နဲ့ တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီ မဟုတ်လား.. ဘာမှ မသိရှာတဲ့ သားလေးကတော့ “ဟေး… ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ” လို့ အော်ဟစ်ပြီး ၀မ်းသာအားရ လက်ခုပ်လေးတီးရှာတယ်.. သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညစ်လိုက်သလို ခံစားလိုက်ရပါတယ်.. အိမ်ရှေ့ခြံဝင်းထဲရောက်တော့ “ကွာရှင်းမဲ့ကိစ္စ သားလေးမသိပါစေနဲ့နော်” လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး “စိတ်ချပါကွာ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ကျွန်တော် ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့ လိုက်ပါတယ်.. ကေသီကတော့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။
နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်.. ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီး သိုင်းဖက်လာတတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့တောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ ကျွန်တော် ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ မှတ်ကိုမမှတ်မိတော့.. ဟိုးယခင်တုန်းကတော့ ကေသီကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ.. တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဘဲ။ သက်ပြင်းကိုဖွဖွ ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိလိုက်ပြန်တယ်.. ဒီတော့မှ ကေသီ့မျက်နှာကို စေ့စေ့ မကြည့်ဖြစ်ခဲ့တာတောင် ကြာပြီဆိုတာကိုလည်း သတိရသွားမိတော့တယ်.. အိုး ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား… သူ့မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာက ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။
အပိုင်း(၆)
နောက်တစ်တစ်ပတ်လောက်မှာ့ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက “ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်” လို့ တိုးတိုးလေး သတိပေးစကားကို ပြောလာတယ်.. ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်ကြည်နူးနူး ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကိုငုံ့သွားတယ်.. ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါလက်ပါဖြစ်လာတယ်.. ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး… ဂျူလီရဲ့ “ဘာတွေထူးခြားသေးလဲ” ဆိုတဲ့ အမေးကို ဘာမှ “မထူးခြားပါဘူးကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။
နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။
ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အ၀တ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က “ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ.. မောင်က ပိုပြီး သန်မာလာလို့ ဖြစ်မယ်ထင်တယ်နော်” လို့ နောက်ပြီး ပြောလိုက်ပါတယ်.. ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး “အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကုန်ပြီထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.”. လို့ ငြီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက်လိုက်မိ့ပြီ.. ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့တာပါဘဲလား.... တကယ်တမ်းတော့ ကျွန်တော်က ပိုပြီးသန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ကိစ္စဟာ ကေသီ့ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်.. ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့်…
ပိန်သွားတဲ့ ကေသီ့ခန္ဓ္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်.. ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး “ဖေဖေ.... မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ” လို့ သတိပေးစကား ပြောလာပါတယ်.. သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါတယ်.. ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက်မိပါတော့တယ်.. နောက်ဆုံးအချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့်စိတ်တွေ ပြန်ပြောင်းလာမှာကိုလဲ စိုးမိပါတယ်.. ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီလိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ကို ပြန်သတိရနေမိပေမဲ့ ကေသီရဲ့ ခန္ဓ္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေတုန်းကထက် ပိုပြီးပေါ့ပါးသွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ၀မ်းနည်းစေပါတယ်..
အပိုင်း(၇)
ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့ ၂ယောက်အတွက် နောက်ဆုံးနေ့မှန်းသိနေတော့ ကေသီ့ကိုပွေ့ချီထားတဲ့ ကျွန်တော့လက်တွေဟာ ခွန်အားမဲ့နေသလို ဖြစ်နေပြီး ခြေထောက်တွေကလည်း ခြေတစ်လှမ်းလှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်.. ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားတဲ့ ကေသီရဲ့ လက်ဖျားလေးတွေဟာလည်း အေးစက်နေတာပါဘဲ.. တစ်ညလုံး ငိုကြွေးထားပုံရတဲ့ ကေသီရဲ့ မျက်ဝန်းတွေဟာလည်း နီရဲနေခဲ့တယ်.. သူ့ကိုပွေ့ချီလာတဲ့ လမ်းတစ်လျှောက်မှာ ကေသီကျွန်တော့်ကို ပြောလိုက်တဲ့ စကားတစ်ခွန်းက “ကေသီစိတ်ထဲမှာ မင်္ဂလာဦးနေ့တုန်းကလိုဘဲ ကေသီတို့ ၂ယောက်လုံး အသက်ကြီးတဲ့အချိန်ထိ ကေသီ့ကို မောင့်လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ခဲ့မိတယ်” လို့ ကြေကြေကွဲကွဲ တုန်ရီဆို့နင့်တဲ့အသံနဲ့ ပြောလိုက်ပါတယ်.. ကျွန်တော် ကေသီ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး “ကေသီရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါးလာတာကို သတိမမူမိခဲ့ကြဘူး.. စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ” လို့ပြောလိုက်မိပါတယ်.. ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး ကျွန်တော် ကားတံခါးကိုတောင် သေချာမပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက် လာခဲ့မိပါတော့တယ်..
ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး.. ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နေတာမျိုး မဖြစ်ချင်တော့ဘူး... ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ဘူး.. ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို အပြေးကလေး တက်လာခဲ့မိပါတယ်.. ဂျူလီ့အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တော့ ဂျူလီက ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးတယ်.. ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမ၀င်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက “ဂျူလီ ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး” ကျွန်တော့်စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ “ ဟင်.. ကို ဘာတွေပြောနေတာလဲ. .နောက်နေတာလား.. ကြည့်စမ်းပါဦး မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား ” ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက်ပါတယ်.. ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း “ ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်ပြောနေတာ.. ဆောရီးပါဂျူလီ.. မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ်မပြောတတ်တော့ဘူး.. ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ ဆိုတာ တကယ်ကို မလုပ်နိုင်တော့ဘူး… ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်.. တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.. ဒါကို ကိုယ်တို့ ၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်.. ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး.. ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့ သူဘဲဆိုတာ ကိုယ် ခွဲခြားနားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ်လို့ဘဲ ကိုယ်ပြောပါရစေဂျူလီ… ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ ”
ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ဂျူလီဟာ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ သိသွားပုံရပါတယ်.. အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက် မြောက်တက်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်.. ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုးစားတော့ပါဘူး.. ကျွန်တော့်အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်.. မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့် ပါးပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာပါတယ်.. ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး နောက်ဘက်ကို ယိုင်သွားတဲ့အချိန်မှာ ဂျူလီဟာ အခန်းတံခါးကို ၀ုန်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ အသံကို ကြားလိုက်ရပါတယ်.. ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်းလိုက်ပြီး အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကိုဦးတည် မောင်းထွက်ခဲ့ပါတော့တယ်။
ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်ပြီး ကေသီကြိုက်တတ်တဲ့ နှင်းဆီအဖြူဆွတ်ဆွတ်တွေနဲ့ ပန်းစည်းလှလှလေးတစ်စည်း လုပ်ပေးထားဖို့နဲ့၊ ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့အကြောင်းပြောပြီး အော်ဒါမှာလိုက်ပါတယ်.. ဆိုင်က ၀န်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို အကြောင်းအရာမျိုးရေးမလဲလို့ လှမ်းမေးပြီးတော့ ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်.. ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ် ချရေးလိုက်တာက “ မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့ အချိန်ထိ မောင်မင်းကို ပွေ့ချီသွားမှာပါ.” ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကို ဖတ်လိုက်ရရင် ကေသီဘယ်လောက်များ ပျော်ရွှင်သွားမှာပါလိမ့်။ တွေးလိုက်မိတာနဲ့တင် ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျွန်တော့်ရင်ခုန်သံတွေကလည်း မင်္ဂလာဦးနေ့ တုန်းကလို မြန်ဆန် နွေးထွေးလာပါတော့တယ်။
ချစ်သူတိုင်း နားလည်စာနာခြင်း၊ နွေးထွေးယုယခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် တွဲလက်ခိုင်ခိုင် မြဲနိုင်ကြပါစေ........
0 comments:
Post a Comment