ဒီနေ့ဆိုရင် ကောင်းကင်တစ်ခုလုံး တိမ်ကင်းစင်ပြီး သာယာတဲ့နေ့လေး တစ်နေ့ပေါ့။ ဟော့ကြည့် အနားတဝိုက်က သစ်ပင်ပေါ်မှာ ကျေးငှက်လေးတွေ သီချင်းတွေဆိုလို့ တကယ်ကို သာယာနေလိုက်တာ။ ဒီလိုသာယာတဲ့ နေ့တွေကို မောင်ညစ်ပတ်(နောင်းနောင်)က အရမ်းကြိုက်တာ သိလား? နာမည်နဲ့ကို မလိုက်အောင်ပေါ့။ ဒီလို နေ့တွေမှာဆိုရင် မောင်ညစ်ပတ်တစ်ယောက် သူ့ရဲ့ ညစ်ပတ်ဖော် ညစ်ပတ်ဖက် သူငယ်ချင်းတစ်အုပ်နဲ့ နေပူကျဲကျဲ ကွင်းပြင်ထဲမှာ တစ်နေကုန် မမောနိုင်အောင်ကို ဘောလုံး ကစားနေကြလေး။ ဒါတင်ဘယ်ကမလဲ ကစားပြီးတာနဲ့ အဖွဲ့သားအားလုံး အိမ်ပြန်မယ်လို့ ထင်လား? တာဆိုရင်တော့ မှားသွားမှာပေါ့။ ကစားပြီးတာနဲ့ ဧရာဝတီမြစ်ထဲကို ရေကစားဖို့ ပြေးဆင်းတော့တာဘဲ။ ပြေးဆင်းတာမှ နွားအုပ်၊ ကျွဲအုပ်ကျနေတာဘဲ ဖုန်တွေ အလိပ်လိပ်ကို တက်လို့ပေါ့။ ဒီလိုပြေးဆင်းရာမှာ မောင်ညစ်ပတ်တစ်ယောက် ထိပ်ဆုံးပေါ့။ ရာထူးက တော့ ပေါ့သေးသေးမဟုတ်ဘူး …. တစ်နည်း ပြောရရင် ညစ်ပတ်အုပ်စုရဲ့ ဂိုင်းချုပ်ပေါ့။
သူငယ်ချင်း ထိုက်လေး၊ ဖီးလစ် နှင့် မောင်ညစ်ပတ် အမှတ်တရ 2009
အခုလဲကြည့် နေသာတဲ့နေ့တွေရဲ့ ထုံးစံအတိုင်း မောင်ညစ်ပတ်ရဲ့ အပေါင်းအဖော်တစ်စု အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာပါပြီ ၊ ဘောလုံးတစ်လုံးကို တဒုံးဒုံးမြည်နေအောင် ကစားရင်းပေါ့။ မောင်ညစ်ပတ်မှာ မိသားစုဝင်အားလုံး ခြောက်ရောက်ရှိပါတယ်။ မိသားစုတွေထဲမှာ မောင်ညစ်ပတ်ကတော့ အငယ်ဆုံးနဲ့ အဆိုးဆုံးပေါ့။ တစ်အိမ်လုံးကို မကြောက်ဘူး။ ဒါပေမဲ့ လူတိုင်းမှာ အားနဲချက် ကိုယ်စီတော့ ရှိကြမြဲ မဟုတ်လား။ ဒီလိုပါဘဲ မောင်ညစ်ပတ်လေးရဲ့ မိသားစုဝင်ထဲမှာ မ သန့်ရှင်းဆိုတဲ့ အမတစ်ယောက်ရှိတယ်။ အမအကြီးဆုံးပေါ့။ နာမည်လေးက (အရှောင်မိုင်းမိုင်) လို့ခေါ်တယ်။ သူမကိုတော့ မောင်ညစ်ပတ်တစ်ယောက် အရမ်းကြောက်တာ။ မ သန့်ရှင် ကတော့ သူ့မောင်လေးကို အမြဲသန့်သန့်ရှင်းရှင်း၊ စည်ကမ်းရှိရှိ နေစေချင်တယ်။ ဒါကြောင့် သူမရဲ့ မုန့်ဖိုးလေးတွေကိုစုပြီး မောင်ညစ်ပတ်(နောင်းနောင်)လေးကို အဝတ်အစား လှလှလေးတွေ အမြဲဝယ်ပေးလေ့ရှိတယ်။ နောက်ပြီး မောင်ညစ်ပတ်ရဲ့ အဝတ်အစားတွေကို အမြဲ မီးပူတိုက်ပေးတယ်။ ဒါပေမဲ့ မောင်ညစ်ပတ်တစ်ယောက်တော့ သန့်သန့်ရှင်းရှင်း နေတာကိုမှ သူ့အတွက် အသက်ရှုရခက်ပြီး မွန်းကြပ်နေရှာတယ်။
အခုလဲ မ သန့်ရှင်း အလစ်မှာ ဘယ်လိုလုပ်ပြီး အိမ်ထဲကနေ အိမ်ပြင်ကို ရောက်အောင် လုပ်ရမလဲ ဆိုပြီးတော့ အကြံအိုက်နေရှာတယ်။ ပြေားရင်းဆိုရင်း မောင်ညစ်ပတ်တစ်ယောက် ခြေသံလုံလုံ၊ ကုပ်ချောင်းကုပ်ချောင်၊ သတိထား ကြီးစွာနဲ့ အောက်ထပ်ကို ဆင်းနေပါပြီ။ ကိုယ်ကို ဖော့ထားလိုက်ပုံက မသိရင် ကိုယ်ဖော့ သိုင်းသမားလားလို့ ထင်ရလောက်အောင်ဘဲ။ ဒါပေမဲ့ ကံကောင်းခြင်းက မောင်းညစ်ပတ်အတွက် ဖြစ်မလာခဲ့ပါဘူး။ အောက်ထပ်က မ သန့်ရှင်းလေးရဲ့ အသံ ထွက်ပေါ်လာခဲ့တယ် “နောင်းနောင် အပေါ်မှာ ဘာလုပ်နေတာလဲ အောက်ကိုဆင်းခဲ့” ဆိုပြီးတော့ပေါ့။ မောင်ညစ်ပတ်လေးတစ်ယောက် ဂျင်းဘောင်းဘီတိုလေးရဲ့ အိပ်ထောင်ထဲကို လက်ကလေးနှိက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ အောက်ထပ်ရောက်တော့ မ သန့်ရှင်းက မောင်းညစ်ပတ်ကို မိမိပေါင်ပေါ် ပွင့်တင်လိုက်တယ်၊ ဆံပင်လေးကို လက်လေးနဲ့ အသာအယာ သပ်ပေးပြီးတော့ “ဒီနေ့ အမဈေးကိုသွားဖို့ရှိတယ်၊ နောင်းနောင် အပြင်ထွက်မဆော့ရဘူးနော်၊ အမက ညစ်ပတ်တာ မကြိုက်ဘူး သိတယ်နော်၊ ပြန်လာရင် အမ နောင်းနောင်အတွက် မုန့်တွေအများကြီး ဝယ်လာပေးမယ်”။ ဒီစကားသံ ကြားလိုက်တာနဲ့ မောင်ညစ်ပတ်လေးရဲ့ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု လက်ခနဲ လင်းလက်သွားတယ်။ ဟုတ်ပြီဆိုတဲ့ အလင်းတန်းလေး တစ်ခုပေါ့။
မ သန့်ရှင်း စက်ဘီးတစ်စီးနဲ့ အိမ်ပြင်ကို ထွက်သွားတာ (၁) မိနစ်တောင် မကြာသေးဘူး မောင်ညစ်ပတ်လေးတစ်ယောက် လွတ်လပ်ရေးရပြီ ဆိုတဲ့ပျော်ရွှင်မှုတွေနဲ့ အိမ်ပြင်ကို ပြေးထွက်သွားတာ တိုက်လေယာဉ်တောင် အရှုံးပေးရမယ်လို့ ထင်ရတယ်။ ဒီအဖြစ်အပျက်လေးတွေကို မြင်နေကြတဲ့ မောင်ညစ်ပတ်ရဲ့ အကိုနဲ့ အမအချို့ကတော့ ရယ်နေကြတာပေါ့။ သူတို့ရဲ့ တစ်ဦးတည်းသော ညီလေး/မောင်လေး မောင်ညစ်ပတ်ကို သနားလို့ထင်တယ် ဘယ်သူမှ မတားကြပါဘူး။ ဒါပေမဲ့ အမတွေထဲက တစ်ယောက်သောသူ အဂျီး(ရွယ်ဆိုင်း) ကတော့ အိမ်ပြင်ထွက်လာပြီး “နောင်းနောင် သိပ်အကြာကြီး သွားမကစားနဲ့နော်….. အရှောင်မိုင်းမိုင် အိမ်ပြန်မရောက်ခင် အဂျီး(ရွယ်ဆိုင်း) နောင်းနောင်ကို လာကြိုမယ်”
အခုဆိုရင် မောင်ညစ်ပတ်တစ်ယောက် ညစ်ပတ်အုပ်စုနဲ့အတူ ဘောလုံးကွင်းရှိရာသို့ ချီတက်သွားနေပါပြီ။ မြင်ယောင်ကြည့်လိုက်ကြပါ စာဖတ်ပရိတ်သတ်ကြီး ဆိုင်းရယ်။ ပျော်ရွှင်စွာ ချီတက်နေတဲ့ ညစ်ပတ်အုပ်စုရဲ့ အမှုအရာလေးတွေ၊ ဘောလုံးကွင်းရောက်ရင် ဘယ်လောက်ထိ ညစ်ပတ်နေအောင် ကစားကြမဲ့ ပုံရိပ်တွေကိုပေါ့။ အခုတော့ ညစ်ပတ်အုပ်စုတွေ နေကျဲကျဲတောက် ပူနေတဲ့ ကွင်းပြင်ကြီးထဲမှာ မမောမပန်း ဘောလုံး ကစားနေလိုက်ကြတာ ချွေးတွေကို တရွှဲရွှဲဘဲ။ နေမင်းကြီးတောင် သူတို့အုပ်စုကို ကြည့်ပြီး လက်မြောက်နေပြီ။ သူတို့အုပ်စုကိုကြည့်ပြီး လ များသာနေတလားလို့တောင် ထင်မှားစရာဘဲ။ ဒါပေမဲ့ မျက်စိတစ်မိတ်မှာ အချိန်ဟာ တဖြည်းဖြည်း ကုန်ဆုံးခဲ့တယ်။ မောင်ညစ်ပတ်ရဲ့ အဂျီး (ရွယ်ဆိုင်း) က မောင်ညစ်ပတ်ကို လာခေါ်နေပြီ “အရှောင်မိုင်းမိုင် ပြန်လာတော့မယ်၊ အိမ်ပြန်ကြရအောင်နော် နောင်းနောင်”။ မောင်ညစ်ပတ်တစ်ယောက် ကစားလို့တောင် မဝသေးဘူး၊ ကစားကလဲ ကစားချင်၊ တစ်ဖက်မှာလဲ အရှောင်မိုင်းမိုင်ကို ကြောက်ရသေးတယ်၊ ဒွိဟစိတ်တွေနဲ့ မောင်ညစ်ပတ်ဦးခေါင်းထဲမှာ လွန်ဆွဲနေခဲ့တယ်။ ဒါပေမဲ့ အဂျီး(ရွယ်ဆိုင်း) က အချော့ကောင်းတော့ အဂျီးရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်ပြီး လိုက်ပါလာခဲ့တယ်။ မောင်ညစ်ပတ်ရဲ့ သူငယ်ချင်းတွေက လက်ပြနုတ်ဆက်ရင်း ကျန်ရစ်ခဲ့ကြတာပေါ့။
မောင်ညစ်ပတ် အိမ်ပြန်ရောက်တော့ အဂျီး(ရွယ်ဆိုင်း)က မောင်ညစ်ပတ်ကို ရေချိုးပေးတယ်၊ အဝတ်အစားတွေ လဲပေးတယ်။ နောက်ပြီး “ကဲ အခုတော့ အရှောင်မိုင်းမိုင် လာတော့မယ် ဧည့်ခန်းထဲမှာ သွားထိုင်နေတော့၊ အင်္ဂျာီတွေ မပေစေနဲ့” ဆိုပြီး သတိပေးတယ်။ သိပ်မကြာပါဘူး အရှောင်မိုင်းမိုင်း ဈေးကပြန်ရောက်ပါပြီ။ ထုံးစံအတိုင်း အိမ်ကိုရောက်ရောက်ချင်း မောင်ညစ်ပတ်လေးကို အရင်ရှာတာပေါ့ “နောင်းနောင် နင်ဘယ်မှာလဲ အရှောင်မိုင်းမိုင်ပြန်ရောက်ပြီ၊ အရှောင်စီလာခဲ့ မင်းကို စစ်ဆေးရအုံးမယ်”။ ဒါနဲ့ဘဲ မောင်ညစ်ပတ်လေးတစ်ယောက် မ သန့်ရှင်းရှေ့ကို အပြေး ရောက်ရှိ လာပါတော့တယ်။ မ သန့်ရှင်းရှေ့ရောက်တာနဲ့ အလိုက်သိသိ လက်လေးကို ပိုက်လို့ပေါ့။ အရှောင်မိုင်းမိုင်က “ဒီနေ့ နောင်းနောင် အပြင်ကို ထွက်ကစားသေးလား ? အရှောင်ကို ပြောပြ"။ မောင်ညစ်ပတ်တစ်ယောက် ကြောက်ကြောက်နဲ့ ဖြေလိုက်ပုံက “နောင်းနောင် အပြင်ထွက်မကစားပါဘူး”။ တစ်ကယ်တော့ မောင်ညစ်ပတ်လေးဟာ မလိမ့်တတ်ခဲ့ပါဘူး။ ဒီစကားလေးဟာ နောင်းနောင်ရဲ့အမ တချို့က သင်ပေးထားတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မောင်ညစ်ပတ်လေး နောင်းနောင် ကမှ မလိမ်တတ်တာ၊ အမတွေက မောင်ညစ်ပတ်လေးကို အရှောင်မိုင်းမိုင် လာဆူမှာကို သနားလို့ အကြံကောင်းပေးခဲ့ တာလေး။ ဒါပေမဲ့ မောင်ညစ်ပတ်လေးရဲ့ စကားသံကို ကြားလိုက်တာနဲ့ မ သန့်ရှင်းတစ်ယောက် ပြုံးတော့တာဘဲ။ အဲဒီချိန်တုန်းကတော့ မောင်ညစ်ပတ်လေးဟာ မ သန့်ရှင်းရဲ့ အပြုံးလေးကို သဘောမပေါက်ခဲ့ပါဘူး။ တကယ်တော့ မ သန့်ရှင်းက မောင်ညစ်ပတ်ရဲ့ မျက်နှာပေါ်မှ နီရဲနေသော နေလောင်ဒဏ်တွေကိုကြည့်ပြီး ပြုံးနေတာပေါ့။ အပြင်ထွက်ကစားတယ် ဆိုတာကိုလည်းဘဲ မ သန့်ရှင်းက သိနေတယ်။ ဒါပေမဲ့ မောင်ညစ်ပတ်ကို မဆူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုမောင်ညစ်ပတ်ဟာ သန့်သန့်ရှင်းရှင်း ဖြစ်နေလို့ပေါ့။ ဒါနဲ့ဘဲ မ သန့်ရှင်းဟာ မောင်ညစ်ပတ်အတွက် ဈေးမှဝယ်လာတဲ့ မုန့်တွေကို ပေးလိုက်ပါတော့တယ် …………………..
မှတ်ချက်။ ။ ယခု မညစ်ပတ်တော့ပါ။
0 comments:
Post a Comment